နေပြည်တော် ဇန်နဝါရီ ၁၃
အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ (၁/၂၀၂၅) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမင်းထွဋ်၊ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၊ ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများ၊ မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးအသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
လိုက်နာဆောင်ရွက်သွားကြရန်လိုအပ်
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုပြီးသည့် ပြည်ပကုမ္ပဏီ ၅၃ ခု၊ ပြည်တွင်းကုမ္ပဏီ ၁၁၂ ခုနှင့် အစုစပ်ကုမ္ပဏီကိုးခု စုစုပေါင်း ၁၇၄ ခုရှိပြီး ယင်းကုမ္ပဏီများမှ တိုင်းဒေသကြီး၊ ပြည်နယ် ၁၅ ခုရှိ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်၊ ရပ်ကွက် ၂၃၀၀ နှင့် ကျေးရွာပေါင်း ၂၇၀၀၆ ရွာရှိ အသင်းဝင်ဦးရေ ၃ ဒသမ ၂၂၈ သန်းသို့ ငွေကျပ် ၂၀၁၁ ဒသမ ၀၇၇ သန်း ထုတ်ချေးထားကြောင်း၊ အသေးစားငွေရေး ကြေးရေးလုပ်ငန်းကုမ္ပဏီများအနေဖြင့် ဝင်ငွေနည်းပြည်သူများသို့ ငွေကြေးဝန်ဆောင်မှုများဆောင်ရွက်ပေးရာတွင် သတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။
အသေးစားငွေရေးကြေးရေးလုပ်ငန်း ကုမ္ပဏီများအနေဖြင့် ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက် ပေးရာတွင် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှုအတွက် အရေးပါသည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် MSME လုပ်ငန်းကဏ္ဍများ တိုးတက်စေရေးအတွက်ကိုလည်း ချေးငွေများ ထုတ်ချေးပေးထားကြောင်း၊ ကော်မတီအနေဖြင့် အသေးစားငွေရေးကြေးရေး လုပ်ငန်းကုမ္ပဏီများအား ကော်ပိုရိတ်အသက်အာမခံကိုယ်စားလှယ် ဆောင်ရွက်ခွင့်ပြုခြင်း၊ Digital Financial Services များအသုံးပြု၍ ချေးငွေပြန်လည်ကောက်ခံခြင်းနှင့် ချေးငွေရယူသူ၏ငွေစာရင်းသို့ ချေးငွေထုတ်ချေးခြင်းတို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ယနေ့အစည်းအဝေးတွင် နိုင်ငံ၏လက်ရှိ လူမှုစီးပွားဖြစ်ပေါ်တိုးတက်မှုများနှင့် လိုက်လျောညီထွေသည့် အများဆုံးထုတ်ချေးငွေသတ်မှတ်ချက်နှင့် စုဆောင်းငွေသတ်မှတ်ချက် တိုးမြှင့်ပေးနိုင်ရေး ဆွေးနွေးဆုံးဖြတ်သွားရန်ဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့်အခက်အခဲများ၊ လိုအပ်ချက်များကို ဝိုင်းဝန်းဆွေးနွေးအကြံပြုကြရန် မှာကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အသေးစားငွေရေးကြေးရေးလုပ်ငန်း ကုမ္ပဏီသုံးခု၏ လုပ်ငန်းလိုင်စင်လျှောက်ထားမှု၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းကုမ္ပဏီများ၏ အများဆုံးထုတ်ချေးငွေနှင့် အများဆုံးစုဆောင်းငွေ ပမာဏသတ်မှတ်ချက်များအား တိုးမြှင့်ခွင့်၊ တင်ပြခြင်းများအပါအဝင် ကော်မတီကဆွေးနွေးဆုံးဖြတ်ရန် အချက်များကို ရှင်းလင်းတင်ပြသည်။
လိုအပ်သည်များဖြည့်စွက်ဆွေးနွေး
ယင်းနောက် မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးမင်းမင်းဇော်က လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများနှင့် ကော်မတီမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့်အချက်များကို ရှင်းလင်းတင်ပြရာ ကော်မတီဝင်များက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး အကြံပြုတင်ပြကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အသေးစားနှင့် အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်ချေးငွေများရရှိစေရန် ပြည်တွင်းဘဏ်များသာမက အသေးစားငွေရေး ကြေးရေးလုပ်ငန်းကုမ္ပဏီများမှလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လိုကြောင်း၊ နည်းပညာဖွံ့ဖြိုး တိုးတက်လာမှုကြောင့် ဒစ်ဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုရယူသုံးစွဲရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုကြောင်း၊ အသေးစားငွေရေး ကြေးရေးလုပ်ငန်းလုပ်ကိုင်ခွင့်ပြုပြီးသည့် ကုမ္ပဏီ များအနေဖြင့် ထုတ်ပြန်ထားသော ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့် ညွှန်ကြားချက်များအား အလေးထား လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း မှာကြားသည်။
ကော်မတီက ခွင့်ပြုပေးခဲ့
အစည်းအဝေးတွင် အသေးစားငွေရေးကြေးရေး လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ခွင့်ပြုသည့် ပြည်တွင်း ကုမ္ပဏီသုံးခု၊ မတည်ငွေရင်း တိုးမြှင့်ခွင့်ပြုသည့် ကုမ္ပဏီလေးခု၊ ကော်ပိုရိတ်အသက်အာမခံကိုယ်စား လှယ်ခွင့်ပြုမှုသုံးခု၊ နယ်မြေတိုးချဲ့သည့် ကုမ္ပဏီသုံးခုတို့ကို ကော်မတီက ခွင့်ပြုပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်