Skip to main content

သယံဇာတတွင်းထွက်ပစ္စည်းများကို နိုင်ငံအတွက် ထိရောက်စွာအသုံးချ

မြန်မာနိုင်ငံသည် ရှေးအစဉ်အဆက် သဘာဝသယံဇာတတွင်းထွက်ပစ္စည်းများ ပေါများကြွယ်ဝသောနိုင်ငံဖြစ်သည်။ တွင်းထွက်ပစ္စည်းများဖြစ်သည့် ခဲမဖြူ၊ အဖြိုက်နက်၊ ခဲ၊ သွပ်၊ သံ၊ သံမဏိ၊ ကြေးနီစသည့်ပစ္စည်းများအပြင် ရေနံထွက်ပစ္စည်းအမျိုးမျိုးထွက်ရှိသည်။ အချို့ဒေသများတွင် စိန်၊ ရွှေ၊ ငွေကဲ့သို့ အဖိုးတန်ရတနာများလည်း တွေ့ရတတ်သည်။ ထို့ကြောင့် လွန်လေပြီးသောရှေးကာလက ဥရောပမှ ကိုလိုနီနိုင်ငံများက မြန်မာနိုင်ငံကိုမက်မောပြီး ဝင်ရောက်စွက်ဖက်ကျူးကျော် နယ်ချဲ့ခဲ့ကြသည်။

တူးဖော်ရရှိသော တွင်းထွက်ပစ္စည်းများတွင် ရေနံသည် အရေးပါသော တွင်းထွက်ပစ္စည်းဖြစ်သည်။ ဗြိတိသျှကိုလိုနီနယ်ချဲ့တို့သည် မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် ၁၈၈၆ ခုနှစ်မှစတင်၍ ဘီအိုစီကုမ္ပဏီထူထောင်ပြီး အချို့တွင်းစားများထံမှတစ်ဆင့်ဝယ်ယူပြီး ရေနံကိုစက်ဖြင့်တူးဖော်ကြသည်။ အစတွင် ရေနံချောင်းတစ်ဝိုက်၌ တူးဖော်ကြသော်လည်း နောက်ပိုင်းတွင် ချောက်၊ လမ်းရွာ၊ ရေနံချတ်၊ သရက်၊ မင်းဘူး၊ အင်းတော်နှင့် ကျောက်ဖြူ စသည့်ဒေသများတွင် တစ်စတစ်စ အနှံ့အပြား တိုးချဲ့တူးဖော်ခဲ့ကြသည်။ ဘီအိုစီရေနံကုမ္ပဏီအပြင် ဗြိတိသျှဘားမား၊ အင်ဒိုဘားမား၊ နတ်ဆင်း စသည်ဖြင့် အပြိုင်အဆိုင်ပေါ်ပေါက်လာခဲ့သည်။

ထိုအချိန်က တစ်နှစ်လျှင် စုစုပေါင်းရေနံဂါလန် ၂၇၅ သန်းမျှ ထွက်ရှိသည်ဟု သိရသည်။ များစွာသောရေနံတို့ကို မြန်မာနိုင်ငံအလယ်ပိုင်းမှ ၃၂၅ မိုင်ကွာဝေးသည့် သန်လျင်မြို့အနီးရှိ ရေနံချက်စက်ရုံများသို့ ဘီအိုစီပိုင် ရေနံပြွန်လမ်းဖြင့်လည်းကောင်း၊ ရေနံတင်သင်္ဘောများဖြင့်လည်းကောင်းတင်ပို့ပြီး ရေနံဆီ၊ ဓာတ်ဆီ၊ စက်မောင်းဆီ၊ စက်ထိုးဆီ၊ ဒီဇယ်ဆီနှင့် ဖယောင်းစသည်တို့ ထုတ်လုပ်ကြသည်။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားချိန် ဗြိတိသျှတို့ မြန်မာနိုင်ငံမှ ဆုတ်ခွာသွားရသောအခါ တူးဖော်ဆဲရေနံတွင်းများနှင့် ရှာဖွေတွေ့ရှိထားသည့် ရေနံမြေအမြောက်အမြားကို ဖျက်ဆီးခဲ့ကြသဖြင့် ရေနံထုတ်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းသလောက်ဖြစ်သွားခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၅၄ ခုနှစ်တွင် ဘီအိုစီကုမ္ပဏီနှင့် မြန်မာနိုင်ငံအစိုးရတို့ ဖက်စပ်ကုမ္ပဏီအသစ်ထောင်ပြီးသည့်အခါ ရေနံထုတ်လုပ်ရေးလုပ်ငန်းကို အထိုက်အလျောက် အောင်မြင်စွာ ပြန်လည်ထူထောင်နိုင်ခဲ့သည်။ ထိုနှစ်တွင် ချောက်မြို့၌ ရေနံချက်စက်ရုံတစ်ရုံ တည်ထောင်လုပ်ကိုင်သဖြင့် ရေနံအထွက် တစ်နှစ်ထက်တစ်နှစ်များလာသည်။ ၁၉၅၇ ခုနှစ်တွင် သန်လျင်၌ ရေနံချက် စက်ရုံအသစ်တစ်ရုံဖွင့်လှစ်ခဲ့သည်။ စက်စွမ်းအားပြည့်ချက်လုပ်နိုင်လျှင် မြန်မာနိုင်ငံတွင် ဓာတ်ဆီနှင့်အခြားစက်သုံးဆီများ ဂါလန်ပေါင်း ခုနစ်သန်းမှ ၁၉ သန်းအထိ ပိုမိုထွက်ရှိလာမည်ဖြစ်သည်။ ထို့ပြင် အလယ်ပိုင်းဒေသအပြင် မြစ်ဝကျွန်းပေါ်ဒေသ၌ ရှာဖွေခဲ့သည့်အတိုင်း ကျိုက်လတ်၊ ဒေးဒရဲဒေသတွင်တူးဖော်ခဲ့သည်။ သို့သော် ဘီအိုစီကို ပြည်သူပိုင်ပြုလုပ်ပြီးသည့်အခါ မြန်မာ့ရေနံလုပ်ငန်းသည် ပြောင်းလဲသွားခဲ့သည်။

ခေတ်အဆက်ဆက်တွင် မြန်မာ့ရေနံလုပ်ငန်းကို နိုင်ငံပိုင်လုပ်ငန်းအဖြစ်လုပ်ကိုင်ခဲ့သည်။ ရေနံလုပ်ငန်းတွင် နည်းပညာနှင့်ရင်းနှီးမြှုပ်နှံမှုများနှင့် တိုးတက်များပြားလာသော လူဦးရေ၊ ဖွံ့ဖြိုးတိုးတက်လာမှုများအရ ပြည်တွင်းသုံးစွဲရေးအတွက် မလုံလောက်သဖြင့် နှစ်စဉ်ပြည်ပမှ မှာယူတင်သွင်းနေရသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် သဘာဝတွင်းထွက်သယံဇာတများ ပေါများကြွယ်ဝသည့်အလျောက် ရေနံကဲ့သို့ တွင်းထွက်သယံဇာတများကို ကြိုးပမ်းရှာဖွေဖော်ထုတ်ထုတ်လုပ်ပြီး တိုင်းပြည်အတွက် အကျိုးရှိအောင်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခုအခါ ရေနံထွက်ပစ္စည်းများ ပြည်ပမှ နှစ်စဉ်တင်သွင်းနေရချိန်တွင် ပြည်တွင်းမှထွက်ရှိသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့များကိုအသုံးပြုပြီး စက်သုံးဆီအမျိုးမျိုးနှင့် ဓာတ်မြေဩဇာများ အထိုက်အလျောက်ထုတ်လုပ်လာနိုင်သည်မှာ ဝမ်းမြောက်စရာဖြစ်သည်။

မကြာသေးမီက စွမ်းအင်ဝန်ကြီးဌာနက ပြည်တွင်းထုတ်ဓာတ်ဆီများကို ပြည်သူများလက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့သည်ကိုတွေ့ရသည်။ ပြည်သူလူထုအား ဓာတ်ဆီတစ်လီတာလျှင် ငွေကျပ် ၂၂၀၀ ဈေးနှုန်းဖြင့် စတင်ရောင်းချပေးနိုင်ခဲ့သည်။ ရောင်းချပေးသည့် ဓာတ်ဆီအမျိုးအစားမှာ(RON-၆၈) ဖြစ်သည်။ သုံးဘီးမော်တော်ဆိုင်ကယ်နှင့် ဆိုင်ကယ်ဆီများကို ဒေသန္တရပေါက်ဈေးထက် သက်သာသည့်ဈေးနှုန်းဖြင့် ပြည်သူများအား တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ ပြည်ပမှတင်သွင်းရောင်းချပေးနေသည့် စက်သုံးဆီဈေးနှုန်းနှင့်နှိုင်းယှဉ်လျှင် သက်သာသည့်အတွက် ယာဉ်ငယ်လေးများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိသည်။ ထို့ပြင် လုပ်ငန်းသုံး၊ ရုံးသုံးမီးစက်များ၊ စက်လှေများအတွက်လည်း ၎င်းဓာတ်ဆီကို အသုံးပြုနိုင်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ နှစ်စဉ်တိုးတက်များပြားလာသော မော်တော်ယာဉ်များအတွက် စက်သုံးဆီလိုအပ်ချက်ကို နိုင်ငံခြားငွေဖြင့် ပြည်ပမှ နှစ်စဉ်တင်သွင်းနေရချိန်တွင် နိုင်ငံခြားငွေသက်သာအောင် ပြည်တွင်းမှ တစ်ဖက်တစ်လမ်းက ကြိုးပမ်းရှာဖွေထုတ်လုပ်မှုများကို အသိအမှတ်ပြုရမည်ဖြစ်သည်။ ပြည်တွင်းမှထွက်ရှိသည့် တွင်းထွက်သယံဇာတများ အကျိုးရှိစွာထုတ်လုပ်ပြီး ပြည်သူများ တိုက်ရိုက်ခံစားခွင့်ရရှိအောင် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆက်လက်အလေးထား အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံခြားသုံးငွေ အထိုက်အလျောက် လျှော့ချနိုင်အောင် တွင်းထွက်သယံဇာတများကို အကျိုးရှိစွာထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။          ။