မကွေး ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်နှင့် အနီးပတ်ဝန်းကျင်ရှိ မြို့နှင့်ကျေးရွာများမှ အများပြည်သူများ ဖူးမြော်နိုင်ရေးအတွက် ချောက်မြို့တွင် ဉာဏ်တော်အမြင့် ၈၁ ပေရှိ စွယ်တော်မြတ်စေတီပုံစံတူ တည်ထားကိုးကွယ်မည့် အခြေအနေကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် တိုင်းဒေသကြီးဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့သွားရောက်ကြည့်ရှုသည်။
ထိုသို့ သွားရောက်စဉ် ပြည်ထောင်စုဝန်ကြီးက စွယ်တော်မြတ်စေတီ တည်ထားကိုးကွယ်မည့် ချောက်မြို့ အမှတ်(၅)ရပ်ကွက် ကွင်းအမှတ် ၂၂၉၃ ရှိ မြေ ၂၀ ဒသမ ၀၈ ဧကပေါ်တွင် စေတီတော်တည်ဆောက် ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေး၊ သက်ဆိုင်ရာဌာနများပေါင်းစပ်၍ မြေအရည်အသွေး တိုင်းတာစစ်ဆေးခြင်း၊ စေတီတော်တည်ထားမည့် ပန္နက်မြေနေရာ အတည်ပြုသတ်မှတ်ခြင်း၊ မြေပြုပြင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရေးတို့ကို မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ချောက်ခရိုင်အတွင်းရှိ ဘုရားစေတီဂေါပကအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ စွယ်တော်မြတ်စေတီ တော်ပုံတူတည်ဆောက်ရေး ဆောင်ရွက်မည့်အခြေအနေ၊ စေတီတော်ကြီးကို အများပြည်သူလှူဒါန်းမှုဖြင့် တည်ထားကိုးကွယ်မည်ဖြစ်သည့်အတွက် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကုသိုလ်ယူပါဝင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုက်တွန်းပြောကြားပြီး မြို့မိမြို့ဖများ၏တင်ပြမှုများကို ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်