ရန်ကုန် ဇန်နဝါရီ ၁၀
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်းဖြေဆိုသူ ၅၀၀၀ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်နိုင်ရေး လျာထားသတ်မှတ်မှုနှင့် စပ်လျဉ်း၍ အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ NSSA မှတာဝန်ရှိသူများ၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုစံသတ်မှတ်ရေးကော်မတီဝင်များ၊ အလုပ်အကိုင်အလိုက် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနများမှ တာဝန်ခံများနှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု လေ့ကျင့်ရေးကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ ကော်မတီဝင်များနှင့် တာဝန်ရှိသူ များကအွန်လိုင်းဖြင့် တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက(NSSA) ဦးဆောင်မှုဖြင့် ကျွမ်းကျင်မှုအဆင့်အလိုက် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးလုပ်ငန်း စဉ်ကို ဆောင်ရွက်ခဲ့ရာ ၂၀၁၄ ခုနှစ်မှ ယနေ့အထိ အလုပ်အကိုင် ၅၃ မျိုးအတွက် စစ်ဆေးအကဲဖြတ်ရေးဌာန ၂၈၂ ခု၊ စစ်ဆေးရေးမှူး ၁၀၂ ဦး၊ စစ်ဆေးအကဲဖြတ်သူ ၈၈၄ ဦးဖြင့် ကျွမ်းကျင်လုပ်သား ၂၈၁၀၄ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ အထိ လုပ်ငန်းကဏ္ဍခြောက်ခုမှ ဖြေဆိုသူ ၂၀၃၃ ဦးကို စစ်ဆေးအကဲဖြတ်နိုင်ခဲ့သဖြင့် ကျန်ကာလအတွင်း လျာထားချက်ပြည့်မီရေး စစ်ဆေးအကဲဖြတ်ရန်လိုကြောင်း၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေး အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု စံသတ်မှတ်ရေးကော်မတီများနှင့် စစ်ဆေးအကဲဖြတ်ရေးဌာနများ အနေဖြင့် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး အတည်ပြုချက်များကို ဆုံးဖြတ်အတည်ပြုခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်ရှိ Myanmar Little Flamingo Co.,Ltd. နှင့် Sujin Co.,Ltd. အထည်ချုပ်စက်ရုံများသို့ သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်