Skip to main content

မြန်မာနိုင်ငံအပါအဝင် အရှေ့အာရှပစိဖိတ် ဒေသတွင်း နိုင်ငံများ၌ ကိုဗစ် - ၁၉ ကြောင့် ထိခိုက်နိုင်မှုများကို ကမ္ဘာ့ဘဏ် သတိပေး

နေပြည်တော်  စက်တင်ဘာ  ၂၉

ကမ္ဘာ့ဘဏ်က အောက်တိုဘာလအတွင်း အရှေ့အာရှပစိဖိတ်ဒေသ စီးပွားရေးသုံးသပ်ချက်၊ ကန့်သတ် ထိန်းချုပ်မှုမှ ပြန်လည်ထူထောင်ရေးသို့.. အစီရင်ခံစာထုတ်ပြန် သွားရန်ရှိပြီး ယင်းနှင့်ပတ်သက်သည့် သတင်း ထုတ်ပြန်ချက်တစ်စောင် ကို ယနေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါအစီရင်ခံစာအရ  မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စီးပွားရေး တိုးတက်မှု ၀ ဒသမ ၅ ရာခိုင်နှုန်း  ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။ သို့သော် လတ်တလောတွင် ဖြည်းဖြည်း ပြန်လည်လည်ပတ်လာသည့်   ကုန်ထုတ် လုပ်မှုလုပ်ငန်း များနှင့် လျှပ်စစ်ဓာတ်အား၊ စွမ်းအင်နှင့် ဒစ်ဂျစ်တယ် နည်းပညာ ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှု အရှိန်မြင့်လာခြင်းကြောင့် ပြန်လည်တိုးတက်လာမည်ဟု ကမ္ဘာ့ဘဏ်က မျှော်လင့် ကြောင်း  ဖော်ပြထားသည်။  မြန်မာနိုင်ငံနှင့် ပတ်သက်၍ လက်ရှိ ကိုဗစ်-၁၉ ရောဂါကို ကြံ့ကြံ့ခံ ရင်ဆိုင်နေရချိန်တွင် အန္တရာယ်များ၊ စိန်ခေါ်မှုများကိုလည်း ဖြတ်သန်းနေရကြောင်း     ကမ္ဘာ့ဘဏ် အစီရင်ခံစာ တွင် ဖော်ပြပါရှိသည်။

ကိုဗစ်-၁၉ ကြောင့် ဖွံ့ဖြိုးဆဲအရှေ့အာရှ ပစိဖိတ်ဒေသရှိ နိုင်ငံများအား ကပ်ရောဂါ သက်ရောက်မှု၊ ကန့်သတ် တားဆီးရမှုများကြောင့် တိုင်းပြည်စီးပွားရေးအပေါ်သက်ရောက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး နှောင့်နှေးမှုများကြောင့် သက်ရောက်မှုဟူသည့် သက်ရောက်မှု သုံးမျိုး ကျရောက်ကြောင်း အစီရင်ခံစာအရ သိရှိရသည်။ အဆိုပါအစီရင်ခံစာတွင်   ကပ်ရောဂါ ကြောင့်လာမည့်နှစ်များတွင် ဆင်းရဲနွမ်းပါးမှုဆိုးရွား လာနိုင်ပြီး ဟန့်တားနိုင်ရေးအတွက် အရေးတကြီး ဆောင်ရွက် ရန် လိုအပ်ကြောင်း ထောက်ပြထားသည်။

ကမ္ဘာ့ဘဏ်၏ ယနေ့ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို  ထိန်းချုပ်နိုင်သည့် အချို့နိုင်ငံများ၏ ပြည်တွင်းစီးပွားရေးမှာ ပြန်လည် ထူထောင်လာနိုင်ကြောင်း၊  သို့သော် ဒေသတစ်ခု၏ စီးပွားရေးသည် အခြားနိုင်ငံ များပေါ်တွင် မှီခိုနေရခြင်းကြောင့် လက်ရှိကမ္ဘာ့ဝယ်လိုအားများ ငြိမ်သက်လျက် ရှိသည်ကိုလည်း ဖော်ပြထားသည်။ ဒေသတွင်း မျှော်မှန်းချက်များအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ပြန်လည် ထူထောင်ရေး ပုံမှန်ဆက်လက်ရှိနေခြင်း၊ ပင်မစီးပွားရေးလုပ်ငန်းများ ပုံမှန်ပြန်လည်ပတ်လာခြင်း၊ ကာကွယ်ဆေး ထွက်ပေါ်လာနိုင်မှု အခြေအနေတို့အပေါ် မူတည်၍ တရုတ်နိုင်ငံတွင် ၇  ဒသမ ၉   ရာခိုင်နှုန်းနှင့်  အခြားဒေသများတွင် ၅ ဒသမ ၁ ရာခိုင်နှုန်းခန့် စီးပွားရေး ပြန်လည်လည်ပတ်လာနိုင်ကြောင်း ၎င်းတို့က ခန့်မှန်းသည်။

သို့သော် နှစ်နှစ်တာအတွင်း ရလဒ်များသည် ကပ်ရောဂါမတိုင်မီကာလ ခန့်မှန်းချက်များ အောက်တွင်သာ ဆက်လက် တည်ရှိနေနိုင်ပြီး ရောဂါထိတွေ့မှု ပြင်းထန်သည့် ပစိဖိတ်ကျွန်း နိုင်ငံများတွင်မူ အလားအလာမှာ ၂၀၂၁  ခုနှစ်အထိ   ကပ်ရောဂါမတိုင်မီအဆင့်၏  ၁၀  ရာခိုင်နှုန်းအောက်တွင်သာရှိနိုင်မည်ဟု   ဆိုထား သည်။

ဒေသတွင်းဆင်းရဲနွမ်းပါးမှုသည် နှစ်ပေါင်း ၂၀ အတွင်း  ပထမဆုံးအကြိမ် မြင့်တက်လာမည်ဟု   ကမ္ဘာ့ဘဏ်က ဟောကိန်းထုတ်ပြီး လူဦးရေ ၃၈ သန်းနီးပါးသည် အကျပ်အတည်းရှိနေဦးမည်ဟု  ဆိုသည်။ ကိုဗစ်-၁၉ ကာလအလွန်တွင် အရှေ့အာရှပစိဖိတ်ဒေသ၏ အစိုးရတို့သည်   လူထုကျန်းမာရေးစနစ်များ မြှင့်တင်ရန်၊ အိမ်ထောင်စုများကို ပံ့ပိုးရန်နှင့် ကုမ္ပဏီများကို ဒေဝါလီ မခံရစေရန် ရည်ရွယ်၍ ယေဘုယျအားဖြင့် နိုင်ငံ၏ ဂျီဒီပီ ၅ ရာခိုင်နှုန်းခန့်အသုံးပြုရန် ကတိပြုထားလျာထားကြသော်လည်း နိုင်ငံအများအပြားသည် ယခင်က  ဂျီဒီပီ ၁ ရာခိုင်နှုန်း အောက်ကိုသာ အသုံးပြု သော အကန့်အသတ် ရှိနေသည့် လူမှုကဏ္ဍကာကွယ်ရေး အစီအစဉ်များကို မြှင့်တင်ရန်ခက်ခဲပြီး စဉ်ဆက်မပြတ် သော ပံ့ပိုးပေးရခြင်းကြောင့် အစိုးရများ၏ ဝင်ငွေအခြေခံအပေါ်၌လည်း ဖိအားပေးခံလာရကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာ တွင် သုံးသပ်ဖော်ပြထားသည်။

အစီရင်ခံစာအတွင်း ကနဦးလုပ်ငန်းဆောင်ရွက်မှုများ မလုပ်ကိုင်နိုင်ပါက ကပ်ရောဂါကြောင့် နောင်ဆယ်စုနှစ် တစ်ခုအတွင်း တစ်နှစ်လျှင်  ၁ ရာခိုင်နှုန်းဖြင့် ဒေသတွင်း တိုးတက်မှုနှုန်း လျော့ကျလာနိုင်ပြီး  ဆင်းရဲသော အိမ်ထောင်စုများက ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာ ရေး၊ အလုပ်အကိုင်နှင့် ဘဏ္ဍာရေး လက်လှမ်းမီမှု နည်းပါးသောကြောင့် ထိုမိသားစုများ  သက်ရောက်မှု အမြင့်ဆုံးခံရနိုင်ကြောင်း ဖော်ပြထားသည်။

ကိုဗစ်-၁၉ကြောင့် စာသင်ကျောင်းများ ပိတ်ရခြင်းသည် အစီရင်ခံစာ၏ ဆန်းစစ်ချက်အရ အရှေ့အာရှပစိဖိတ် နိုင်ငံများတွင် သင်ယူမှုချိန်ညှိရသော စာသင်နှစ်ကို ၀ ဒသမ ၇ ရာခိုင်နှုန်း အထိ ဆုံးရှုံးစေပြီး  ဒေသတွင်း သာမန် ကျောင်းသားများသည်    အလုပ်လုပ်ရသည့်နှစ် များတွင် နှစ်စဉ်ခန့်မှန်း လုပ်အားခရနိုင်ခြေ၏ ၄ ရာခိုင် နှုန်း လျော့နည်း စေကြောင်း အစီရင်ခံစာအရ သိရှိရသည်။ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍတို့၏ ကြွေးကျန်များသည် ဘဏ်တို့၏ စီးပွားရေး တည်ငြိမ်မှုကို  ထိခိုက်စေနိုင်ပြီး ဒေသတွင်းဘဏ္ဍာရေးလိုငွေသည် ၂၀၂၀ ပြည့်နှစ်တွင် ပျမ်းမျှဂျီဒီပီ၏   ၇  ရာခိုင်နှုန်း   အစိုးရအကြွေးဖြင့်  တိုးမြင့်လာနိုင်သည်ဟု   ၎င်းတို့က     ခန့်မှန်း ထားကြသည်။

ခင်ရတနာ