Skip to main content

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရေး သုတေသနယဉ်ကျေးမှုထူထောင်

“ပညာသည်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်ရေးနှင့် ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာရေးသည် အရေးကြီးကြောင်း၊ မိမိတို့အစိုးရအနေဖြင့် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ် အကောင်အထည်ဖော် အားပေးဆောင်ရွက်လျက်ရှိရာတွင် ယခုကျင်းပသည့် နိုင်ငံတကာပညာရေးဆိုင်ရာ အသုံးချသုတေသနညီလာခံကလည်း များစွာအထောက်အကူ ပြုမည်ဟု ယုံကြည်ပါကြောင်း” ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ(၂၀၂၅) ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ(၂၀၂၅)ကို “ပညာရေး၊ သိပ္ပံနှင့်နည်းပညာစွမ်းပကားဖြင့် ပိုမိုကြွယ်ဝပြည့်စုံသော လူ့ဘောင်အဖွဲ့အစည်းအတွက် အနာဂတ်သို့ ညွှန်ပြခြင်း” ဟူသည့် ဦးတည်ချက်နှင့်အညီ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ဇန်နဝါရီ ၉ ရက်မှ ၁၀ ရက် အထိ ကျင်းပခဲ့သည်။ ညီလာခံတွင် နိုင်ငံတကာမှ ဝါရင့်ပညာရှင်များနှင့် ပညာရှင် မျိုးဆက်သစ်များပါဝင်ကြပြီး နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် အဖွဲ့အစည်းပေါင်း ၄၅ ခုမှ ပညာရှင် ၆၂ ဦး၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာန ၁၁ ခုနှင့် ပညာရေးအဖွဲ့အစည်းများမှ ပြည်တွင်း၊ ပြည်ပပညာရှင် ၄၀ တက်ရောက်ကြပြီး ပညာရေးဆွေးနွေးချက်များနှင့် ပြည်တွင်း၊ ပြည်ပသုတေသနစာတမ်း ၁၃၃ စောင် ဖတ်ကြား တင်သွင်းကြသည်။

ယခုညီလာခံမှချမှတ်ထားသော ဦးတည်ချက်ကိုကြည့်လျှင် ပညာရေး၊ သိပ္ပံနှင့်နည်းပညာဟူသည့် ကဏ္ဍသုံးရပ်သည် တစ်ခုနှင့်တစ်ခုချိတ်ဆက်ကာ အကြောင်းအကျိုးပြုနေသည်။ အဆိုပါကဏ္ဍကြီးသုံးရပ်ကို ရှာဖွေဖော်ထုတ် သုတေသနပြုလုပ်မှုများနှင့် တီထွင်ဆန်းသစ်အကောင်အထည်ဖော်မှုများကို ပေါင်းစပ်လိုက်သောအခါ လူ့ဘောင်အဖွဲ့အစည်း ကြီးပွားတိုးတက်ရေးကို ဖန်တီးဖော်ဆောင်ပေးနိုင်မည့် ထိရောက်အားကောင်းသော စွမ်းအားတစ်ရပ်ကို ရရှိမည်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ တိုးတက်သောနိုင်ငံများတွင် နယ်ပယ်ကဏ္ဍအသီးသီးတို့၌ သုတေသနပြုလုပ်မှုများကို ငွေကြေး၊ နည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ်များစုပေါင်းပြီး တီထွင်ဆန်းသစ် ဖော်ထုတ်လျက်ရှိရာ နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုနေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် ပညာရေး၊ ကျန်းမာရေး၊ နည်းပညာ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍအသီးသီးတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်စပ်အဖွဲ့များ၊ ပညာရှင်များ၊ မျိုးဆက်သစ်ပညာရှင်များပေါင်းစုကာ သုတေသနညီလာခံများ ပြုလုပ်လျက်ရှိသဖြင့် နိုင်ငံအတွက် အကျိုးရလဒ်များ ဖြစ်ထွန်းနေသည်။ မည်သည့်နယ်ပယ်ကဏ္ဍတွင်မဆို ပညာသည် အခြေခံအကျဆုံးဖြစ်သဖြင့် ပညာရေးကိုအခြေခံပြီး ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်လာရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းအကောင်အထည်ဖော်ရမည်ဖြစ်သည်။ သုတေသနဟူသည် တစ်စုံတစ်ခုကို ခြေခြေမြစ်မြစ်သိရှိရန် စူးစမ်းရှာဖွေခြင်းဖြစ်၍ သုတေသနမှတစ်ဆင့် တီထွင်ဆန်းသစ်မှုအသစ်များ ဖော်ထုတ်ပေးရမည်ဖြစ်သည်။ သို့မှသာ လက်တွေ့ရင်ဆိုင်နေရသော စိန်ခေါ်မှုများ၊ ပြဿနာများကိုဖြေရှင်းနိုင်ပြီး ပညာရပ်ဆိုင်ရာ အသိအမြင်ဗဟုသုတများ မြင့်မားလာမည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်သူများ အသိပညာဉာဏ်ရည်ဉာဏ်သွေး မြင့်မားတိုးတက်လာအောင်၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သုတေသနလုပ်ငန်းများ အကျိုးရလဒ်ကြောင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် နည်းပညာသစ်များနှင့် ဈေးကွက်သစ်များ ဖော်ထုတ်နိုင်မည်ဖြစ်သကဲ့သို့ နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးအတွက် ကျွမ်းကျင်မှုအရည်အသွေးများဖြင့် ပြည့်စုံသည့်ပညာရှင်များ၊ ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးအတွက် ဦးတည်ချက်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများခေတ်မီအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အတတ်ပညာရှင်များ လိုအပ်လျက်ရှိသည်။ နိုင်ငံအတွက် ပညာရှင်များစွာ လိုအပ်နေဆဲဖြစ်သောကြောင့် အသိပညာရှင်၊ အတတ်ပညာရှင် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးကို နိုင်ငံတော်က စီမံဆောင်ရွက်ပေးလျက်ရှိရာ ယခုကဲ့သို့ သုတေသနညီလာခံများမှတစ်ဆင့် အသိပညာရှင်၊ အတတ်ပညာရှင်များစွာ ပေါ်ထွက်လာနိုင်သည်။

သို့ဖြစ်ရာ အရာရာကို စူးစမ်းလေ့လာပြီး ရလဒ်များအပေါ်အခြေခံသည့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်လိုကြသော လူငယ်လူရွယ်များအတွက် ယခုကဲ့သို့သုတေသနညီလာခံများ ကျင်းပပေးခြင်းအားဖြင့် လူငယ်များ၏ စူးစမ်းလေ့လာသုတေသနပြုလိုသည့် သုတေသနယဉ်ကျေးမှုကို သက်ဆိုင်ရာနယ်ပယ်များအလိုက် ပြုစုပျိုးထောင်ပေးနိုင်ပါရန် တိုက်တွန်းအပ်ပါကြောင်း။          ။