ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၅,၈၆၁ ဧကရှိသော နယ်မြေကို “တောင်ပင်လယ်ဆည် ကြိုးပြင် ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၅) အရ ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အပူပိုင်းဒေသဖြစ်သော မြင်းခြံမြို့နှင့်ပတ်ဝန်းကျင်ဒေသအား အပူချိန်လျော့နည်းကျဆင်းပြီး ပူပြင်းခြောက်သွေ့မှုကာကွယ်ရန်၊ ရာသီဥတု သာယာမျှတစေပြီး စိမ်းလန်းစိုပြည်သာယာလှပစေရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုလျော့နည်းသက်သာစေရန်၊ မြေဆီလွှာပိုမိုကောင်းမွန်လာစေရန်၊ မြေဆီလွှာတိုက်စား မှုများ တားဆီးကာကွယ်ရန်၊ သဘာဝဘေးအန္တရာယ်များမှ အကာအကွယ်ပေးနိုင်ရန်၊ ဒေသခံပြည်သူများ၏ လယ်ယာ သုံး သစ်၊ ထင်း၊ ဝါး စသည့် သစ်တောထွက်ပစ္စည်းများ စဉ်ဆက်မပြတ် ထောက်ပံ့ပေးနိုင်ရန်နှင့် ရေဝေရေလဲဒေသများနှင့် အပူပိုင်းသစ်တောများ ထိန်းသိမ်းရန်ရည်ရွယ်၍ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများအဖြစ် ဖွဲ့စည်းသတ်မှတ်ခြင်း ဖြစ်ပါသည်။
တောင်ပင်လယ်ဆည် ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော အပူပိုင်းဒေသ၏ ဒေသမျိုးရင်းသစ်မျိုးများဖြစ်သည့် သန်း၊ ဒဟတ်၊ ရှား၊ ထနောင်း၊ တမာ၊ ဆူးဖြူ စသည့် သစ်မျိုးများအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဒေသခံပြည်သူများအတွက် လယ်ယာလုပ်ငန်းသုံး သစ်၊ ထင်း၊ ဝါးနှင့် အခြားအပူပိုင်းဒေသထွက် သစ် တောထွက်ပစ္စည်းများ ပိုမိုရရှိနိုင် ခြင်း၊ အရိပ်နှင့်နားခိုရာနေရာများ တိုးပွားလာစေခြင်း၊ ခါ၊ ချိုး၊ ဖွတ်၊ ပဒက်၊ တောကြောင်၊ ငုံး၊ ယုန် စသည့်တိရစ္ဆာန်များ၏ နေထိုင်ကျက်စားရာဒေသနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းနိုင်မည် ဖြစ်ခြင်း၊ သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ ရေတိုက်စားမှု၊ လေတိုက်စားမှုများမှ တားဆီးကာကွယ်နိုင်မည်ဖြစ်ခြင်း၊ မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ မြေအောက်ရေ ထိန်းသိမ်းနိုင်ခြင်းနှင့် သစ်တောဖုံးလွှမ်းမှု တိုးလာပြီး ရာသီဥတုပိုမိုကောင်းမွန် မျှတလာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည် ဖြစ်ပါသည်။
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန