နေပြည်တော် ဇန်နဝါရီ ၉
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လန်ချန်း-မဲခေါင် အထူးရန်ပုံငွေစီမံကိန်း(၂၀၂၂)ဆိုင်ရာ တရားဝင်ခရီးစဉ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့သို့ရောက်ရှိပြီး ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက State Administration for Market Regulation(SAMR) ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရှုဝေနှင့် အဆိုပါဝန်ကြီးဌာနရုံးချုပ်၌ တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံမှုသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၆ ရက်က ကူမင်းမြို့၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန (DRI) နှင့် State Administration for Market Regulation အောက်ရှိ စံချိန်စံညွှန်းသတ်မှတ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုဌာန(Standardization Administration China)၊ အမျိုးသားတိုင်းတာရေးသိပ္ပံ(National Institute of Metrology-China) တို့နှင့် ရေးထိုးခဲ့သည့် MoU နှစ်စောင်အရ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို ဝန်ကြီးဌာနချင်းဆွေးနွေးညှိနှိုင်းရန်ဖြစ်သည်။
ထိုသို့ မြန်မာ-တရုတ် ဒုတိယဝန်ကြီးများတွေ့ဆုံစဉ် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးအစဉ်အလာကို ပိုမိုခိုင်မြဲစေလျက် သံတမန်ဆက်ဆံရေးထူထောင်ခြင်း (၇၅) နှစ်ပြည့် ၂၀၂၅ ခုနှစ်တွင် စိန်ရတုမှတ်တိုင်အဖြစ် အမျိုးသားအဆင့် သိပ္ပံနည်းကျ တိကျစွာတိုင်းတာခြင်း၊ စံချိန်စံညွှန်းသတ်မှတ်ခြင်းနှင့် အရည်အသွေးအာမခံချက် အသိအမှတ်ပြုခြင်းများဆိုင်ရာ နှစ်နိုင်ငံပူးပေါင်း ဖလှယ်ရေးစီမံကိန်းများကို ထပ်မံချဲ့ထွင်ကာ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်