ရန်ကုန် ဇန်နဝါရီ ၉
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)၌ စားသောက်ဆိုင်ဝန်ဆောင်မှုသင်တန်းနှင့် မော်တော်ယာဉ်စက်ပြင်သင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးသည်။
ထိုသို့ ကြည့်ရှုစဉ် သင်တန်းကျောင်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးက ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၏ နောက်ခံသမိုင်း အကျဉ်း၊ ခုနှစ်အလိုက်သင်တန်း များ ဖွင့်လှစ်ပေးခဲ့မှုနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျွမ်းကျင်မှုသင်တန်းအကြိမ် (၃၀) ဖွင့်လှစ်၍ သင်တန်းသား ၇၅၀ မွေးထုတ်ပေးရန် လျာထားမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းဆင်းများနှင့် လုပ်ငန်းခွင်ရှိ ကျွမ်းကျင်လုပ်သားများအနေဖြင့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့၏ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များရယူနိုင် ရေးဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ သင်တန်းကျောင်းအနေဖြင့် သင်ထောက်ကူပစ္စည်းများ အရည်အသွေးကောင်းမွန်ပြည့်စုံစွာ၊ အရည်အချင်းမီ သင်တန်းနည်းပြများဖြင့် လျာထားချက်နှင့်အညီ ဖွင့်လှစ်ပို့ချရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ကျွမ်းကျင်မှုသင်တန်း လေ့ကျင့်ရေးသင်တန်းကျောင်းများမှ သင်တန်းသားများနှင့်တွေ့ဆုံ၍ သင်တန်းသားများအနေဖြင့် သင်ကြားပို့ချပေးသည့် စာပေပညာနှင့် လက်တွေ့သင်ခန်းစာများကို နာယူစိတ်ဖြင့် လေ့လာသင်ယူကြရန်နှင့် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် နည်းပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးကြရန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်