Skip to main content

နိုင်ငံအတွက်အန္တရာယ် တရားမဝင်ကုန်သွယ်မှု အဂတိကင်းကင်း၊ တက်ညီလက်ညီ ပူးပေါင်းတိုက်ဖျက်

နိုင်ငံတော်အစိုးရသည် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး၊ ပြည်တွင်းသွင်းကုန်အစားထိုးရေး၊ ပြည်တွင်းထုတ်ကုန်များ ပြည်ပသို့ တင်ပို့နိုင်ရေးဟူသော ရည်ရွယ်ချက်များဖြင့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများကို အားပေးလျက်ရှိသည်။ ပြည်တွင်း MSME များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ကြီးမားသည့် အနှောင့်အယှက်၊ အဟန့်အတားတစ်ခုမှာ တရားမဝင်ကုန်သွယ်မှုပင်ဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုလမ်းကြောင်းမှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများက ပြည်တွင်း MSME လုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ၏ ဈေးကွက်ကို လုယူသွားနိုင်သကဲ့သို့ ဈေးကွက်အတွင်း ကုန်ပစ္စည်းများ မျှတစွာယှဉ်ပြိုင်နိုင်မှုကိုလည်း ပျောက်ဆုံးစေသည်။ အကျိုးဆက်အနေဖြင့် ပြည်တွင်းရှိ ကုန်ထုတ်လုပ်ငန်းများ၏ ရပ်တည်မှုကို ထိခိုက်စေပြီး MSME လုပ်ငန်းများ ထူထောင်လုပ်ကိုင်ရေး၊ ဖွံ့ဖြိုးရေးတို့ကို နှောင့်နှေးသွားစေသည်။

တရားမဝင် ကုန်သွယ်မှုနှင့် စပ်လျဉ်း၍ ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရရှိမှုများကို စိစစ်ရာတွင် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများက အများဆုံးဖြစ်ပြီး လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင်ကုန်စည်တင်မော်တော်ယာဉ် ဖမ်းဆီးရရှိမှုများက ဒုတိယအများဆုံးနှင့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများက တတိယအများဆုံးဖြစ်သည်ဟု သိရသည်။ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများဆိုသည်မှာ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများတွင် သုံးစွဲရန် ပင်ဖြစ်သည့်အတွက် တရားမဝင်တင်သွင်းလာသော အရည်အသွေးမမီဘဲ ဈေးသက်သာသော ကုန်ကြမ်းပစ္စည်းများကြောင့် ပြည်တွင်းလုပ်ငန်းရှင်များက ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများမှာ အရည်အသွေးမပြည့်မီသည့် ပစ္စည်းများသာ ထွက်လာမည်ဖြစ်သည်။ အရည်အသွေးမမီသည့် ကုန်ပစ္စည်းများက ပြည်တွင်းစားသုံးသူများကို ထိခိုက်စေသကဲ့သို့ ပြည်ပတင်ပို့မှုတွင်လည်း နိုင်ငံတကာဈေးကွက်တွင် မျက်နှာပန်းမလှသည့် အခြေအနေသို့ ရောက်ရှိသွားစေနိုင်သည်။

တရားမဝင် ကုန်သွယ်မှုများသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေခြင်း၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်၊ အထူးကုန်စည်ခွန် စသည့်နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွန်အခများစွာ ဆုံးရှုံးနစ်နာစေခြင်း၊ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုးကို ကျဆင်းစေခြင်း၊ ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေခြင်း၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရခြင်းကြောင့် စရိတ်စကများကုန်ကျခြင်း စသည်ဖြင့် နိုင်ငံကို ထိခိုက်နစ်နာစေသည်။ တရားမဝင်ကုန်သွယ်မှုနှင့်အတူ လာဘ်ပေးလာဘ်ယူကိစ္စများလည်း ယှဉ်တွဲနေရာ ယင်းကိစ္စသည် နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းရည်နှင့် ဂုဏ်သိက္ခာကိုလည်းကောင်း၊ စာရိတ္တနှင့် စိတ်ဓာတ်ကိုလည်းကောင်း လျော့နည်းကျဆင်းစေသည်။ သို့ဖြစ်ရာ တရားမဝင်ကုန်သွယ်မှုမှ ဖြစ်ပေါ်လာသည့် ဆိုးကျိုးများသည် အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း နိုင်ငံတော်နှင့် ပြည်သူအပေါ် ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်စေသည့်အလျောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး၊ တရားဝင်လမ်းကြောင်းများမှ ကုန်သွယ်မှုများ ပိုမိုတိုးတက်ဖြစ်ပေါ်လာရေးတို့ကို အလေးအနက် ဆောင်ရွက်ကြရမည်ဖြစ်သည်။

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် သတင်းရရှိမှုသည် အရေးကြီးသည့်အချက်ဖြစ်ရာ တရားမဝင်ကုန်သွယ်မှုများကို တွေ့မြင်သိရှိပါက သက်ဆိုင်ရာသို့ မှန်ကန်သည့်သတင်းအချက်အလက်များ အမြန်ဆုံးပေးပို့ကြရန်လိုသည်။ တာဝန်သိပြည်သူများက ယင်းသို့ သတင်းပေးပို့ခြင်းဖြင့် ဖမ်းဆီးရမိသော တရားမဝင်ကုန်စည်များ၏ တန်ဖိုးအပေါ်မူတည်၍ ဆုကြေးငွေများ ရရှိနိုင်ကြမည်ဖြစ်သည်။ နိုင်ငံနှင့် ပြည်သူအတွက် အန္တရာယ်ဖြစ်သည့် တရားမဝင်ကုန်သွယ်မှုများကို မိမိတို့နိုင်ငံ၏ ပို့ကုန်တင်ပို့မှုမြင့်မားတိုးတက်စေရေး၊ MSMEs ကုန်ထုတ်လုပ်ငန်းများ ရေရှည်တည်တံ့စေရေး၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရေး၊ နိုင်ငံ့ဘဏ္ဍာအခွန်အခများ ဆုံးရှုံးမှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာနများ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် ပြည်သူလူထုတို့ ပူးပေါင်း၍ အဂတိကင်းကင်း၊ တက်ညီလက်ညီ၊ ထိထိရောက်ရောက် တိုက်ဖျက်သွားကြရပါမည့်အကြောင်း။ ။