နေပြည်တော် ဇန်နဝါရီ ၄
၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဝန်ကြီးဌာနများ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များတွင် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိရာ နိုင်ငံ့ဝန်ထမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူလူထုများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲနှင့် အားကစားပွဲများကို ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ မိဘများနှင့်အတူ အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ခြေပူးပြိုင်ပွဲ၊ သံပုရာသီးဇွန်းကိုက်ပြိုင်ပွဲ၊ ခါးကွင်းလှည့် ပြိုင်ပွဲ၊ မိတ်ကပ်ပြင်ပြိုင်ပွဲ၊ အင်္ကျီဝတ်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲ၊ ကြက်ဖခွပ်ပြိုင်ပွဲ၊ ကျောကုန်းထောက်ခုန်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်ပြိုင်ပွဲ၊ ရွှေစွန်ညိုပြိုင်ပွဲ၊ စက်ဘီးအနှေးစီးပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ကြိုးခုန်ပြိုင်ပွဲ စသည့် အားကစားနည်း ၂၂ မျိုးကို ပွဲစဉ် ၆၉ ခုဖြင့် တစ်ဦးချင်း၊ နှစ်ယောက်တွဲ၊ အသင်းအဖွဲ့အလိုက် ပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။
ထို့နောက် ဒုတိယဝန်ကြီးက မီတာ(၁၀၀) အပြေး ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း၊ ခါးကွင်းလှည့်၊ လွန်ဆွဲပြိုင်ပွဲ တို့တွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် အားစားနည်းအလိုက် ဆုရရှိသူများ ကို ပြန်ကြားရေးဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။
အလားတူနေပြည်တော်ကောင်စီနယ်မြေ မြို့နယ်များအတွင်းရှိ အားကစားကွင်းများ၊ အခြေခံပညာကျောင်းများ၊ လမ်းမများတွင် အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိပြီး မိသားစုဝင်များနှင့် ဒေသခံပြည်သူများ ပါဝင်ယှဉ်ပြိုင်ကြကာ အားကစားနည်းအလိုက် ဆုရရှိသူများကို ပညာရေးမှူးများနှင့် ကျောင်းအုပ်ဆရာ ဆရာမကြီးများ၊ သက်ဆိုင်ရာ ဆရာ ဆရာမများနှင့် ရပ်ကွက်အလိုက် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်