နေပြည်တော် ဇန်နဝါရီ ၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် ရှားစေးဖိုကျေးရွာ ကွင်းအမှတ် (၁၆၁၈) တွင် TBL မျိုးစေ့ထုတ်ကုမ္ပဏီမှ စိုက်ပျိုးမြေငါးဧက၌ ချည်မျှင်ရှည်ဝါ၊ နှမ်း၊ နေကြာနှင့် ပဲတီစိမ်းသီးနှံများ မျိုးစေ့ထုတ်စိုက်ခင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ရှင်းလင်းတင်ပြ
ဆက်လက်၍ ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာအုပ်စုအတွင်းရှိ ဆည်မြောင်းနှင့်ရေ အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (တည်ဆောက်ရေး-၅) က တာဝန်ယူ တည်ဆောက်နေသည့် ပေါင်းလောင်းတမံရေပိုလွှဲတွင် Hydraulic Elevator Dam (HED) တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ် သာယာစုကျေးရွာကွင်းအမှတ် (၁၅၇၅) ရှိ ရေကြီးနစ်မြုပ်ခဲ့သည့် စိုက်ပျိုးမြေများတွင် မတ်ပဲ၊ နေကြာ၊ ဖူးစားပြောင်းနှင့် ပဲကြီးသီးနှံစသည့် သီးထပ်သီးညှပ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ပေါင်းစပ်ဆောင်ရွက်
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆောင်းသီးနှံနှင့် နွေသီးနှံများကို စိုက်ဧရိယာများတွင် ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့် သုံးစွဲရေး၊ သွင်းအားစုများနှင့် စိုက်ပျိုးရေများကို စနစ်တကျ သုံးစွဲရေး၊ သီးထပ်သီးညှပ် စိုက်ပျိုးရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်း ထွက်ရှိရေးတို့ကို အလေးထား လိုက်နာဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားပြီး တင်ပြချက်များအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးကာ တောင်သူများထံ သွင်းအားစုမြေဩဇာများ ပေးအပ်သည်။
ယင်းနောက် ပျဉ်းမနားမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာအနီးရှိ ပေါင်းလောင်းရေလွှဲဆည်သို့ရောက်ရှိပြီး ပေါင်းလောင်းရေလွှဲဆည်မှတစ်ဆင့် ဆည်ရေသောက်ဧရိယာ ၂၁၁၂၁ ဧကကို စိုက်ပျိုးရေပေးဝေနေမှုနှင့် ပိုလျှံသည့်ရေများကို အသေးစား ရေအားလျှပ်စစ် ထုတ်ယူနိုင်ရေး အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ နေပြည်တော် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးက ပေါင်းလောင်းရေလွှဲဆည်မှ စိုက်ပျိုးရေပေးဝေနေမှုနှင့် အသေးစား ရေအားလျှပ်စစ်ထုတ်ယူနိုင်ရေး လေ့လာဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်