နေပြည်တော် ဒီဇင်ဘာ ၃၁
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းမှရရှိသည့် အချက်အလက်များနှင့် ပတ်သက်၍ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC-2) ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ မန်းငြိမ်းမောင်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ကောင်စစ်ဝန်ချုပ်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ပြည်တွင်း/ ပြည်ပသတင်း မီဒီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းဆိုင်ရာ Video Clip ကို ပြသသည်။
ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် အခြားသောလူဦးရေစာရင်းကောက်ယူ မှတ်တမ်းတင်ခြင်း လုပ်ငန်းများနှင့်မတူညီဘဲ အချိန်ကာလကြာမြင့်စွာ၊ ဘဏ္ဍာငွေများစွာဖြင့် စနစ်တကျ စီမံဆောင်ရွက်ရသည့် နိုင်ငံတော်စီမံကိန်းလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရန် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက် ညသန်းခေါင်ယံအချိန်ကို သန်းခေါင်စာရင်းရည်ညွှန်းချိန်အဖြစ် သတ်မှတ်၍ အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးနှင့်လမ်းပန်းဆက်သွယ်ရေးအခြေအနေများကြောင့် ဒေသအချို့တွင် ရက်တိုးမြှင့်ကောက်ယူခဲ့သည်များလည်း ရှိပါကြောင်း။
အဆင့်ဆင့်ထုတ်ပြန်သွားမည်
ပင်မအစီရင်ခံစာကို အသေးစိတ်ပြုစုကာ ၂၀၂၅ ခုနှစ်မကုန်မီထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက် အစီရင်ခံစာများ၊ ဘာသာရပ်အလိုက် သုတေသနစာတမ်းများကိုလည်း ဆက်လက်ပြုစု၍ အဆင့်ဆင့်ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း၊ ယခုသန်းခေါင်စာရင်းကောက်ယူရာတွင် လုံခြုံရေးနှင့်လမ်းပန်း ဆက်သွယ်ရေးအခြေအနေများကြောင့် တစ်စိတ်တစ်ဒေသသာ ကောက်ယူနိုင်သည့် မြို့နယ်များရှိ သကဲ့သို့ လုံးဝမကောက်ယူနိုင်သည့် မြို့နယ်များလည်းရှိပါကြောင်း၊ မကောက်ယူနိုင်သည့် ဒေသများတွင် ရှိသည့်လူဦးရေကို လူဦးရေပညာ၊ Remote Sensing နည်းပညာ၊ နိုင်ငံတကာ အကြံပေး၏ ခန့်မှန်းတွက်ချက်မှု၊ ဌာနဆိုင်ရာစာရင်းအင်းများ စသည်တို့ကို အသုံးပြု၍ခန့်မှန်းလူဦးရေစာရင်းကို တွက်ချက်ထားခြင်း ဖြစ်ပါကြောင်း။
လေ့လာဖော်ထုတ်သွားနိုင်
ထို့ကြောင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းက ရရှိသည့် မြန်မာနိုင်ငံအတွင်းရှိ လူဦးရေမှာ ၅၁၃၁၆၇၅၆ ဦးဖြစ်ကြောင်းကို အသိပေးကြေညာအပ်ပါကြောင်း၊ ယင်းစာရင်းမှာ သန်းခေါင်စာရင်းကောက်ယူရရှိသည့် လူဦးရေ ၃၂၁၉၁၄၀၇ ဦးဖြစ်ပြီး စာရင်းမကောက်ယူနိုင်သည့် ဒေသများ၏ ခန့်မှန်းလူဦးရေ ၁၉၁၂၅၃၄၉ ဦးတို့ဖြစ်ပါကြောင်း၊ ယင်းတို့အနက် အမျိုးသား ၁၅၁၀၅၂၁၅ဦး၊ အမျိုးသမီး ၁၇၀၈၆၁၉၂ ဦးဖြစ်ပြီး၊ အမျိုးသား၄၆ ဒသမ ၉ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၃ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ လူဦးရေအချိုးကို လေ့လာကြည့်ပါက ရန်ကုန်တိုင်းဒေသကြီးတွင် ၁၄ ဒသမ ၄ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး ကယားပြည်နယ်တွင် ၀ ဒသမ ၆ ရာခိုင်နှုန်းဖြင့် လူဦးရေအနည်းဆုံးဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေပြောင်းလဲမှုကို ကြည့်မည်ဆိုပါက ၁၈၉၁ ခုနှစ် သန်းခေါင်စာရင်းအရ ၇ ဒသမ ၇ သန်းသာရှိပြီး ၁၉၀၁ ခုနှစ်တွင် ၁၀ ဒသမ ၅ သန်း၊ ၁၉၂၁ခုနှစ်တွင် ၁၃ ဒသမ ၂သန်း၊ ၁၉၇၃ ခုနှစ်တွင် ၂၈ ဒသမ ၉ သန်း၊ ၁၉၈၃ ခုနှစ်တွင် ၃၅ ဒသမ ၃သန်းအထိ တိုးမြင့်လာပြီး ၂၀၁၄ ခုနှစ်တွင် ၅၁ ဒသမ ၅ သန်းရှိခဲ့ရာမှ ယခု ၂၀၂၄ ခုနှစ်တွင် စာရင်းမကောက်ယူနိုင်သည့် ဒေသများအတွက် ခန့်မှန်းတွက်ချက်မှုအပါအဝင် မြန်မာနိုင်ငံ၏ လူဦးရေ မှာ ၅၁ ဒသမ ၃ သန်းကျော်ဖြစ်ခြင်းကြောင့် လွန်ခဲ့သည့် ၁၀ နှစ်က လူဦးရေထက် အနည်းငယ်လျော့နည်းနေသည်ကို တွေ့ရပါကြောင်း၊ လူဦးရေပြောင်းလဲခြင်းသည် မွေးဖွားခြင်း၊ သေဆုံးခြင်းနှင့် ရွှေ့ပြောင်းခြင်းဆိုသည့် အကြောင်းရင်း(၃)ရပ်ကြောင့် ဖြစ်သည့်အတွက် ပင်မအစီရင်ခံစာထုတ်ပြန်ချိန်တွင် အကြောင်းရင်းကို လေ့လာဖော်ထုတ်သွားနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လှုံ့ဆော်ရေးတေးသီချင်းဖြစ်သည့် တေးရေးသိန်းရွှေဝင်း၏ “နိုင်ငံ့အကျိုးမျှော်ကိုးရည် သန်းခေါင်စာရင်းကောက်ကြမည်” သီချင်းဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက ဖျော်ဖြေတင်ဆက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပ သတင်းမီဒီယာများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းနှင့် ယနေ့ထုတ်ပြန်သည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်းနှင့် ပတ်သက်သည့် အချက်အလက်များကို ပြည်သူ့အင်အားဦးစီးဌာန၏ Website www.dop.gov.mm တွင် ရယူကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်းစဉ်