Skip to main content

ပြည်ထောင်စုကြီးသာယာဝပြောရေး ကောင်းကျိုးများ နှစ်သစ်တွင်ဖော်ဆောင်

ယနေ့သည် ၂၀၂၄ ခုနှစ် နှစ်ဟောင်းကုန်ဆုံးပြီး ၂၀၂၅ ခုနှစ် နှစ်သစ်သို့ ကူးပြောင်းရောက်ရှိသည့် မင်္ဂလာရှိသောအခါသမယဖြစ်သည်။ နှစ်ဟောင်းတွင် ကြုံတွေ့ခဲ့ရသည့်စိန်ခေါ်မှုများ၊ အခက်အခဲများကို ကျော်လွှားလွန်မြောက်၍ နှစ်သစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဝပြောပြီး ကောင်းကျိုးရလဒ်များကို ဆောင်ကြဉ်းနိုင်အောင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများအားလုံးက စည်းလုံးညီညွတ်စွာဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများသည် တစ်ဦးနှင့်တစ်ဦးဓလေ့ထုံးစံများ မတူကွဲပြားခြားနားကြသော်လည်း တိုင်းရင်းသားမျိုးနွယ်စုများအားလုံး မိသားစုစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ကို မွေးမြူပြီး တစ်ဦးအပေါ်တစ်ဦး တန်ဖိုးထားလေးစား၍ အတူတကွရပ်တည်နေထိုင်ခဲ့ကြသည်။ မွေးဖွားရာဇာတိ၊ နေထိုင်ရာဒေသနှင့် ပြောဆိုသုံးနှုန်းသော ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ထုံးတမ်းများ မည်သို့ပင်ကွဲပြားခြားနားကြစေကာမူ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်ပြီး ပြည်ထောင်စုကြီးအတွင်း ညီရင်းအစ်ကိုမောင်နှမများကဲ့သို့ စုပေါင်းနေထိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးတို့သည် မိမိတို့၏ ကောင်းမြတ်သောအစဉ်အလာများကို အစဉ်အမြဲထိန်းသိမ်းစောင့်ရှောက်ပြီး အားလုံးအတူတကွဥမကွဲသိုက်မပျက် တွဲလက်များညီညာနေပါက ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲမှုနှင့် စည်းလုံးညီညွတ်မှုသည် အစဉ်ထာဝရ တည်တံ့ခိုင်မြဲနေမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီး နောက်ပိုင်း၌ ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခဲ့မှုကြောင့် တိုင်းရင်းသားညီနောင်အချင်းချင်း အထင်အမြင်လွဲမှားကာ ယနေ့အချိန်အထိ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားပြီး မတည်ငြိမ်၊ မအေးချမ်းဖြစ်နေသည်ကို သတိမူကြရမည်ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နှစ်ဖက်ဆွေးနွေးမှုများမှရရှိလာသော သဘောထားမှတ်ချက်များကို နောင်လာမည့် လွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေးအတည်ပြုနိုင်ရန် မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့သည်။ တွေ့ဆုံဆွေးနွေးမှုများအတွက် အစဉ်အမြဲဖိတ်ခေါ်ကြိုဆိုလျက်ရှိပြီး ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် ချမှတ်ဖော်ဆောင်လျက်ရှိသည်။ တိုင်းပြည်သာယာဝပြောရေးဆိုသည်မှာ ပြည်သူပြည်သားအားလုံး တရားဥပဒေစိုးမိုးမှုအောက်တွင် အေးချမ်းသာယာစွာဖြင့် နေထိုင်နိုင်ခြင်း၊ ပညာသင်ကြားနိုင်ခြင်း၊ အလုပ်အကိုင်များ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းတို့ဖြစ်သည်။

နိုင်ငံတော်အစိုးရ တာဝန်ယူဆောင်ရွက်ချိန်တွင် သယံဇာတများ ထုတ်လုပ်မှုကို တတ်နိုင်သမျှထိန်းသိမ်းပြီး ပြည်ပသို့တင်ပို့ခြင်းမပြုလုပ်ဘဲ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထွက်ကုန်များကိုသာ တင်ပို့ခဲ့သည်။ စီးပွားရေးကောင်းမွန်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုပြုလုပ်နိုင်မည်ဖြစ်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူအားလုံးကလည်း စားရေရိက္ခာဖူလုံရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှု မြှင့်တင်ဆောင်ရွက်ရေးတွင် အထူးကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံ့စီးပွားရေးတိုးတက်မြင့်မားလာမည်ဆိုပါက ပြည်သူတို့၏ လူမှုစီးပွားဘဝများလည်း တိုးတက်လာမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ စီးပွားရေးမူဝါဒမျှော်မှန်းချက်များနှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ညီမျှစွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

ယနေ့နိုင်ငံတော်တွင် လိုအပ်လျက်ရှိသည့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းရင်းသားပြည်သူများအားလုံးတို့က ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ မိမိတို့နေထိုင်ရာဒေသများအတွင်း တည်ငြိမ်အေးချမ်းမှသာ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို တစ်ပြေးညီဆောင်ရွက်နိုင်မည်ဖြစ်သည်။ ကုန်လွန်ခဲ့သောနှစ်များအတွင်းက တိုင်းပြည်အတွက် အကျိုးရလဒ်ဆုတ်ယုတ်မှုများကို သင်ခန်းစာယူ၍ မိမိတို့ အနာဂတ်တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်းသာယာဝပြောရေးကို တိုင်းရင်းသားပြည်သူများအချင်းချင်း ဝိုင်းဝန်းပူးပေါင်းလက်တွဲဆောင်ရွက်ပြီး တိုင်းရင်းသားပြည်သူများအားလုံး၏ စည်းလုံးညီညွတ်မှုဖြင့် ပြည်ထောင်စုကြီး အေးချမ်းသာယာဝပြောရေးကို ဖော်ဆောင်ကြကာ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရလဒ်ကောင်းများကို ယခုနှစ်သစ်မှစတင်၍ ပိုမိုရရှိလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လေးစားစွာ မေတ္တာရပ်ခံတိုက်တွန်းအပ်ပါကြောင်း။ ။