ပျော်ရွှင်ဖွယ်နှစ်သစ်ဖြစ်ပါစေဟူ၍ ကြွေးကြော်ဆုတောင်းကာ နှစ်သစ်သို့ ကူးပြောင်းရောက်ရှိခဲ့ကြပြီဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီး မြို့ကြီးပြကြီးတို့တွင် စိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ရာ သန်းခေါင်ယံနှစ်ကူးပွဲတော်ကြီးများကို ခမ်းနားကြီးကျယ်စွာ ဆင်ယင်ကျင်းပပြီး နှစ်သစ်ကို ကြိုဆိုကြခြင်း၏ အနှစ်သာရမှာပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းကို အလိုရှိသော လူသားတို့၏ အလိုဆန္ဒကို ထုတ်ဖော်ပြသကြခြင်းလည်းဖြစ်သည်။
သို့ရာတွင် ကမ္ဘာပေါ်၌ အားကြီးသူက အားနည်းသူအပေါ် အနိုင်ကျင့်ခြင်း၊ တစ်ဦး၏ပိုင်ဆိုင်မှုကို အခြားတစ်ဦးက အဓမ္မလုယက်ယူငင်ခြင်း၊ တစ်ဦးအပေါ်တစ်ဦးက မနာလိုဝန်တိုခြင်း၊ မုန်းတီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ တစ်ပြည်နှင့်တစ်ပြည် စစ်မက်ယှဉ်ပြိုင်တိုက်ခိုက်ခြင်းတို့သည် လူ့ယဉ်ကျေးမှုသမိုင်းအစမှသည် ယနေ့အချိန်အထိ တစ်ရံမလပ်ရပ်တန့်သည်ဟူ၍မရှိ တောက်လောင်နေဆဲဖြစ်သည်။ ယင်းသို့ အပြင်မီး ဟုန်းဟုန်းတောက်လောင်ရခြင်းသည် လိုချင်တပ်မက်ခြင်းဟူသော လောဘ၊ လိုတိုင်းမရသည့်အခါ မုန်းခြင်း၊ အမျက်ထွက်ခြင်းဟူသော ဒေါသ၊ တရားမှန်ကို မသိမြင်၊ မဆင်ခြင်နိုင်ဘဲ လောဘနှင့်ဒေါသတို့ကို ဦးဆောင်သည့် မောဟတည်းဟူသော အတွင်းမီးသုံးပါးက အရင်းခံပင်ဖြစ်ရာ ယင်းအတွင်းမီးများကို မငြှိမ်းသတ်နိုင်သရွေ့အပြင်မီးတို့သည်လည်း မည်သည့်အခါမျှ ငြှိမ်းသတ်နိုင်မည်မဟုတ်သည်ကို မိမိတို့အားလုံး နားလည်သိမြင်ထားကြရမည်ဖြစ်သည်။
လူဆိုသည်မှာ သတ္တလောကကြီးကို ဦးဆောင်နေကြသူများ၊ ပုံဖော်နေကြသူများဖြစ်ပြီး မနောပုဗ္ဗင်္ဂမာ ဓမ္မာဟူသော ပါဠိတော်နှင့်အညီ စိတ်ကရှေ့ဆောင်၊ စိတ်ကကြီးမှူးနေခြင်းဖြစ်ရာ သန့်ရှင်းကြည်လင်သောစိတ်ဖြင့်သာ ကိုယ်နှုတ်နှလုံးသုံးပါးသော အမူအရာတို့ကို ဖြစ်ပေါ်စေအပ်သည်။ စိတ်သည်သဘာဝအားဖြင့် သန့်ရှင်းစင်ကြယ်ကာ ပြိုးပြိုးပြက်ပြက်တောက်ပပြီး စိတ်၏ ညစ်ညူးကြောင်းဖြစ်သော ကိလေသာတို့မှာမူ ဧည့်သည်ဆိုးများသဖွယ်ပြင်ပမှ ဝင်ရောက်ခြယ်လှယ်လာခြင်းပင်ဖြစ်သည်။ သူတစ်ပါး၏ စည်းစိမ်ကို ရှေးရှုကြံစည်ခြင်း အဘိဇ္ဈာ၊ မသင့်လျော်ရာ၌ လိုချင်တပ်မက်ခြင်း ဝိသမလောဘ၊ သူတစ်ပါးကို ပျက်စီးစေလိုခြင်း ဗျာပါဒ၊ အမျက်ထွက်ခြင်း ကောဓ၊ ရန်ငြိုးဖွဲ့ခြင်း ဥပနာဟ၊ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်းမက္ခ၊ ဂုဏ်ပြိုင်ခြင်း ပဠာသ၊ ငြူစူခြင်း ဣဿာ၊ ဝန်တိုခြင်း မစ္ဆရိယ၊ လှည့်ပတ်ခြင်း မာယာ၊ စဉ်းလဲခြင်း သာဌေယျ၊ စိတ်ခက်ထန်ခြင်း ထမ္ဘ၊ ချုပ်ချယ်ခြင်း သာရဗ္ဘ၊ မောက်မာခြင်း မာန၊ လွန်စွာမောက်မာခြင်း အတိမာန၊ မာန်ယစ်ခြင်း မဒ၊ သတိမေ့လျော့ခြင်း ပမာဒတို့သည် စိတ်ကိုညစ်ညူးကြောင်းတရားတို့ပင်ဖြစ်သည်။
စိတ်၏ညစ်ညူးကြောင်းတရားတို့ မိမိထံတွင် ဝင်ရောက်ခြယ်လှယ်မလာစေရန် စိတ်ကိုဆုံးမခြင်း၊ သတိဖြင့်လုံခြုံစေခြင်း၊ ပိတ်ဆို့တားဆီးခြင်းတို့ ပြုလုပ်ခြင်းဖြင့် စိတ်ကောင်းနှလုံးကောင်းတို့ ဖြစ်ပေါ်အောင် မွေးမြူကြရမည်ဖြစ်သည်။ လူတို့၏ စိတ်တွင် အညစ်အကြေးကင်းစင်သည်နှင့်အမျှ အပြောအဆို၊ အပြုအမူ၊ အကြံအစည်တို့တွင်လည်း အပြစ်ဒေါသတို့ ကင်းစင်ကာ လောကကို အလှဆင်နိုင်ကြမည်ဖြစ်သည်။ ထို့အပြင် အမြဲတည်လေ့မရှိဘဲ ပျက်စီးတတ်သောသဘောရှိသည့် လောကကို စောင့်ရှောက်သည့် တရားများဖြစ်သော ဟိရီနှင့် ဩတ္တပ္ပဟူသည့် လောကပါလတရားတို့ လူတို့၏သန္တာန်တွင် စွဲမြဲစေရန်လည်း အားထုတ်ကြရမည်ဖြစ်သည်။ မကောင်းမှုပြုရမည်၊ ကိုယ်ကျင့်တရားပျက်ရမည်ကို ရှက်ခြင်းဟူသော ဟိရီ၊ မကောင်းမှုပြုရမည်၊ ကိုယ်ကျင့်တရားပျက်ရမည်ကို ကြောက်ခြင်းဟူသော ဩတ္တပ္ပတရားတို့သည် လောကကြီးမပျက်စီးစေရန် စောင့်ရှောက်ပေးနေသည့်တရား နှစ်ပါးဖြစ်ပြီး ၎င်းတရားနှစ်ပါးတို့ပျက်စီးပါက လောကကြီးလည်း ပျက်စီးရမည်သာ ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံသားတိုင်း ချမ်းမြေ့ပျော်ရွှင်ဖွယ်ရာ နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန်၊ လူသားတိုင်းအတွက် ချမ်းမြေ့ပျော်ရွှင်ဖွယ်ကမ္ဘာကြီးဖြစ်လာစေရန် နိုင်ငံသူနိုင်ငံသားတိုင်း၊ ကမ္ဘာသူကမ္ဘာသားတိုင်း စိတ်နှလုံးဖြူစင်သန့်ရှင်းကြရမည်ဖြစ်သကဲ့သို့ မကောင်းမှုဒုစရိုက်တို့ကို ကိုယ်နှုတ်နှလုံးတစ်ပါးပါးတို့ဖြင့် ပြုရမည့်အပေါ် ရှက်ကြောက်ကြရမည်လည်းဖြစ်သည်။ အမြဲတည်လေ့မရှိသော၊ ပျက်စီးတတ်သည့်သဘောရှိသော လောကကြီးတွင် လောကကို စောင့်ရှောက်အပ်သည့် လောကပါလတရားတို့ ထွန်းကားလာသည်နှင့်အမျှ ငြိမ်းချမ်းသာယာလှပလာပါမည့်အကြောင်း။ ။