မြန်မာနိုင်ငံသည် သမိုင်းမတင်မီကာလမှစ၍ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားသောနိုင်ငံဖြစ်ခဲ့သည်။ သယံဇာတပေါများကြွယ်ဝပြီး တိုင်းရင်းသားလူမျိုးများသည် တကောင်း၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ဟန်လင်း၊ ဝေသာလီ၊ သုဝဏ္ဏဘူမိ စသည့် မြို့ပြများနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ရှေးနှစ်ရာပေါင်းများစွာကပင် ကိုယ့်ယဉ်ကျေးမှုနှင့်ဂုဏ်ယူစွာနေထိုင်ခဲ့ကြသည်။
မြို့ပြနိုင်ငံတည်ထောင်ခြင်းမှ တစ်ဆင့်တက်၍ အင်အားကြီးသည့် နိုင်ငံတော်ကြီး တည်ထောင်နိုင်ခဲ့သည်။ ပုဂံကိုဗဟိုပြု၍ အနော်ရထာမင်းတည်ထောင်ခဲ့သော ပထမမြန်မာနိုင်ငံတော်ကြီးသည် နှစ်ပေါင်းသုံးရာနီးပါးတည်တံ့ခဲ့ပြီး စီးပွားရေး၊ လူမှုရေး၊ စီမံခန့်ခွဲရေး၊ ကာကွယ်ရေးနှင့်ယဉ်ကျေးမှုတို့ တောင့်တင်းခိုင်မာခဲ့သည်။ ၁၆ ရာစု ဘုရင့်နောင်မင်းတရားကြီးလက်ထက်၌ ဒုတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်နိုင်ခဲ့ကာ ရွှေဘိုကိုအခြေပြု၍ ဦးအောင်ဇေယျ ဦးဆောင်ပြီး တတိယမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့ပြန်သည်။
အလောင်းမင်းတရား ဦးအောင်ဇေယျတည်ထောင်သည့် ကုန်းဘောင်မင်းဆက်နောက်ပိုင်း ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲဖြစ်ပွားပြီး ရခိုင်နှင့် တနင်္သာရီနယ်မြေများ ဆုံးရှုံးခဲ့ရသည်။ ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲဖြစ်ပွားပြီး အောက်မြန်မာနိုင်ငံတစ်ခုလုံးအပါအဝင် အထက်မြန်မာနိုင်ငံမြေထဲ မြို့အထိ ဆုံးရှုံးခဲ့ရပြန်သည်။ ကုန်းဘောင်နောက်ဆုံးမင်းဆက် သီပေါမင်းလက်ထက် ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲဖြစ်ပွားပြီး နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေတွင် မင်းမိဖုရားနှစ်ပါးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ထိုနေ့သည် မြန်မာတို့မမေ့နိုင်သော နေ့တစ်နေ့ဖြစ်သည်။ ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အထက်မြန်မာနိုင်ငံနှင့်တကွ မြန်မာပိုင်နက်နယ်မြေတို့ကို အင်္ဂလိပ်ဘုရင်မကြီးပိုင် နယ်မြေအဖြစ်သိမ်းယူကြောင်း ကြေညာထုတ်ပြန်လိုက်သည်။ ဤသို့ဖြင့် နှစ်ပေါင်းများစွာ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ခမ်းနားထည်ဝါစွာ ရပ်တည်ခဲ့သော မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ရသည်။ နယ်ချဲ့အင်္ဂလိပ်တို့နှင့် ဖြစ်ပွားခဲ့သော စစ်ပွဲသုံးပွဲစလုံးတွင် ပါဝင်တိုက်ခိုက်ခဲ့ကြသော မြန်မာတပ်မှူး၊ တပ်သားတို့၏ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ သူရသတ္တိနှင့် ဇွဲလုံ့လ ဝီရိယတို့မညံ့ခဲ့ကြောင်း သမိုင်းပညာရှင်များက မှတ်တမ်းတင်ခဲ့သည်။
မြန်မာတို့စစ်ရှုံးခဲ့သော အကြောင်းအချက်များစွာအနက် နိုင်ငံရေးအရညီညွတ်မှုမရှိခြင်း၊ လက်နက်အင်အားကွာခြားသည့် အင်အားတောင့်တင်းသော တပ်မတော်အဖြစ် မရပ်တည်နိုင်ခြင်းတို့ကြောင့်ဖြစ်သည်ဟု သုံးသပ်ထားသည်။ သို့သော် မြန်မာ့တပ်မှူးများနှင့်တပ်မတော်သားများ၏ ဇာတိမာန်စိတ်ဓာတ်နှင့်သူရ သတ္တိတို့ကို ရန်သူကပင် လေးစားချီးကျူးခဲ့ကြသည်။ နှစ်ပေါင်းထောင်ချီတည်တံ့ခဲ့သော မြန်မာဘုရင်စနစ် လုံးဝပျက်သုဉ်းသွားသည်မှာ ဝမ်းနည်းစရာဖြစ်သည်။ ကိုလိုနီနယ်ချဲ့တို့ အစိုးရိမ်ဆုံး၊ အကြောက်ရွံ့ဆုံးမှာ မြန်မာတို့၏ မျိုးချစ်စိတ်နှင့် ဇာတိမာန်စိတ်ဖြစ်သည်။ စစ်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း မြန်မာတို့၏ ဇာတိမာန်စိတ်မှာ မရှုံးနိမ့်၊ မပျောက်ဆုံး၊ မျိုးချစ်စိတ်ဓာတ်များ ပြင်းထန်ခဲ့သည်။
ထို့ကြောင့် နယ်ချဲ့ဗြိတိသျှတို့က မြန်မာတို့၏ ဇာတိမာန်စိတ်ဓာတ်များ ပျောက်ပျက်အောင် နည်းလမ်းအဖုံဖုံဖြင့် ကြံစည်အားထုတ်ခဲ့သည်။ ကျွန်သက်ရှည်ကြာအောင် ပရိယာယ်အမျိုးမျိုးဖြင့် သိမ်းပိုက်အုပ်ချုပ်ခဲ့ကြသည်။ သို့သော် ဇာတိမာန်စိတ်ဓာတ်ထက်သန်သော တို့ဗမာအစည်းအရုံးမှသည် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ရဲဘော်သုံးကျိပ်မှစ၍ ဗမာ့လွတ်မြောက်ရေး တပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်တို့ပေါ်ပေါက်လာကာ နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်တော်လှန်ရေးတို့ကို ဆက်တိုက်ဆင်နွှဲပြီး စစ်ပြီးခေတ်တွင် အမျိုးသားခေါင်းဆောင်ကြီးများနှင့် တိုင်းရင်းသားခေါင်းဆောင်များ စည်းလုံးညီညွတ်မှုကို အခိုင်အမာတည်ဆောက်မှုဖြင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လုံးဝလွတ်လပ်သောနိုင်ငံဖြစ်လာခဲ့သည်။
နယ်ချဲ့ဗြိတိသျှတို့ အထက်မြန်မာနိုင်ငံကို နှစ်ပေါင်း ၆၀ ကျော်၊ အောက်မြန်မာနိုင်ငံကို နှစ်ပေါင်းတစ်ရာကျော် အုပ်ချုပ်နိုင်အောင် ကြံစည်အားထုတ်ခဲ့သည့် စစ်ရေး၊ နိုင်ငံရေးပရိယာယ်များကို သိမြင်နိုင်ရန်အတွက် မြန်မာ့သမိုင်းကို မမေ့ပျောက်ဖို့လိုမည်။ ထွန်းတောက်ခဲ့သည့် ဇာတိမာန်များ၊ နိုးကြားခဲ့သည့် အမျိုးသားအားမာန်များကို သိရှိကြမှသာ ပြည်ထောင်စုကြီးကို ချစ်မြတ်နိုးစိတ်၊ ကာကွယ်စောင့်ရှောက်လိုစိတ်များရှိမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် နယ်ချဲ့လက်သစ်တို့သည် နိုင်ငံငယ်များအပေါ် ၎င်းတို့၏ ဩဇာလွှမ်းမိုးနိုင်ရေးအတွက် နောက်ကွယ်မှကြိုးကိုင်ကာ အချင်းချင်းသွေးခွဲပြီး အိမ်ကြက်ချင်း အိုးမဲသုတ်ခံရသည့်အဖြစ်များသည် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် ဇာတိမာန်စိတ်များ လျော့ပါးနေ၍ အချင်းချင်းခွပ်နေကြခြင်းဖြစ်သည်။
သို့ဖြစ်ရာ အတိတ်သမိုင်းတွင် ဇာတိမာန်စိတ်များထက်သန်သော်လည်း စည်းလုံးညီညွတ်မှုပျက်ယွင်းခြင်း၊ တပ်မတော်အင်အား မတောင့်တင်းခြင်းကြောင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရသည်ကို သင်ခန်းစာယူပြီး ပြည်ထောင်စုကြီးတည်တံ့ခိုင်မြဲရေးအတွက် စည်းလုံးညီညွတ်မှုနှင့် ဇာတိမာန်စိတ်ဓာတ်များ နိုးကြားထက်သန်အောင် ကြိုးပမ်းအားထုတ်ပြီး လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း။ ။