မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ပြဋ္ဌာန်းခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဥပဒေအာဏာတည် အသက်ဝင်စေခဲ့သည်။ ထို့နောက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းထားရှိပြီး သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသူများကိုသာ ဥပဒေနှင့်အညီ ဗဟိုအဖွဲ့က အတည်ပြုခန့်အပ်ပေးပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ ယခုအခါ သင်တန်းအမှတ်စဉ် (၆) အထိ အောင်မြင်စွာသင်တန်းဆင်းပေးနိုင်ခဲ့သည်။
ကမ္ဘာပေါ်တွင် အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံတိုင်းသည် မိမိတို့၏နိုင်ငံကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် နိုင်ငံသားအားလုံးတွင် တာဝန်ရှိသည်ဟု သတ်မှတ်ထားကြသည်။ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် အမြဲတမ်းစစ်မှုထမ်းများသာမက အခြားသောနယ်ပယ်ကဏ္ဍအသီးသီးကလည်း နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်လည်းတာဝန်ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို တပ်မတော်ကသာ တာဝန်ယူထမ်းဆောင်ခဲ့ရာမှ ယခုအခါတွင် ပြည်သူ့စစ်မှုထမ်းများကပါ ပါဝင်ထမ်းဆောင်ကြပြီး နိုင်ငံတော်ကာကွယ်ရေးတွင် အင်အားတစ်ရပ်ဖြစ်လာခဲ့သည်။
ယနေ့ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို လက်တွေ့နယ်ပယ်တွင် ထမ်းဆောင်ကြမည့် စစ်သည်တော်လောင်းများနှင့် သင်တန်းဆင်းစစ်သည်တော်များအားလုံးတို့သည် နိုင်ငံ့သားကောင်းရတနာများဖြစ်ကြသည်။ နိုင်ငံတော်နှင့်တပ်မတော်အပေါ်၊ မိမိရဲဘော်ရဲဘက်အချင်းချင်းအပေါ်နှင့် မိမိမိသားစုဝင်များအပေါ် ကတိသစ္စာပြု စောင့်ထိန်းကြသူများဖြစ်၍ ဂုဏ်ယူရမည့် စစ်သည်တော်များဖြစ်သည်။ နိုင်ငံတော်အလံကို လက်ဖြင့်ကိုင်တွယ်ထိတွေ့ပြီး သစ္စာ(၄)ချက်ကို ရွတ်ဆိုထားသူများဖြစ်၍ သစ္စာ(၄)ချက်အပေါ် စောင့်သိ၊ သစ္စာရှိကြသူများဖြစ်သည်။ မိမိနိုင်ငံတော်အပေါ်၊ မိမိနိုင်ငံသားများအပေါ်၊ မိမိတပ်မတော်သားများအပေါ်တွင် သစ္စာစောင့်သိကြသူများဖြစ်၍ လေးစားထိုက်သူများဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရဖြစ်စေ၊ မိမိစိတ်ဆန္ဒအရဖြစ်စေ တပ်မတော်သို့ ဝင်ရောက်လာကြသူများအား စစ်ဆင်ရေး၊ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များကို ထမ်းဆောင်ကြရာတွင် တပ်မတော်အနေဖြင့် သိသင့်သိထိုက်သည့်၊ ရှိသင့်ရှိထိုက်သည့် စစ်ပညာရပ်များကို အခြေခံမှစ၍လိုအပ်သလို စနစ်တကျသင်ကြား လေ့ကျင့်ပြီးမှသာ တာဝန်ပေးအပ်ခြင်းဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းများအနေဖြင့် စစ်ရေးပြဘာသာရပ်၊ စစ်နည်းဗျူဟာ ဘာသာရပ်၊ လက်နက်ငယ်ဘာသာရပ်အပါအဝင် အခြားသောစစ်ပညာရပ်များကို စနစ်တကျ လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်၍ တတ်မြောက်ထားသည့် စစ်အတတ်ပညာရပ်များဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။
ခေတ်အဆက်ဆက် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လျက်ရှိကြသည့် တပ်မတော်သားများသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နိုင်ရန် မိမိတို့၏ဆန္ဒအလျောက် ဝင်ရောက်လာခဲ့ကြသူများဖြစ်သည်။ ပြည်သူလူထု နယ်ပယ်အသီးသီး အလွှာပေါင်းစုံမှ တပ်မတော်သို့ ဝင်ရောက်လာကြရာတွင် တူညီသော ယူနီဖောင်းများကိုဝတ်ဆင်၍ စစ်ပညာရပ်များကို အတူတကွစုပေါင်းသင်ကြား လေ့ကျင့်ပြီးသူများဖြစ်သည့်အတွက် အရောင်အသွေးတူ၊ အတွေးအမြင်တူ၊ ယုံကြည်ချက်၊ ခံယူချက်တူညီသောသူများဖြစ်ကြပြီး ရှေ့နောင်တော် တပ်မတော်သားများနှင့် အတူလက်တွဲ၍ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ဂုဏ်ယူစွာဖြင့် ကျေပွန်စွာထမ်းဆောင်ကြမည့် သားကောင်းရတနာများဖြစ်သည်။ နိုင်ငံတော်နှင့်တပ်မတော်က ယုံကြည်အားကိုးရသည့် နိုင်ငံ့သားကောင်းများ၊ မိသားစုအသိုက်အဝန်းက လေးစားတန်ဖိုးထားသည့် ပြည်သူ့သားကောင်းရတနာများဖြစ်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
တပ်မတော်သားများဘဝကို ရရှိခံယူထားကြပြီးသူများဖြစ်၍ နိုင်ငံတော်နှင့် တပ်မတော်၏တာဝန်များကို အချိန်ပြည့်တာဝန်ထမ်းဆောင်နေကြသည့် ထူးကဲသော နိုင်ငံ့အမှုထမ်းများဖြစ်သည်။ တပ်မတော်သားများ၏ မွန်မြတ်သောစိတ်ဓာတ် ခံယူချက်များနှင့် တပ်မတော်၏ မွန်မြတ်သောအစဉ်အလာကောင်းများကို ထိန်းသိမ်းလိုက်နာပြီး နိုင်ငံတော်နှင့် တပ်မတော်အပေါ် သစ္စာစောင့်သိကြရမည်ဖြစ်သည်။ နိုင်ငံတော်တွင် အရေးပေါ်အခြေအနေနှင့်ကြုံတွေ့ရတိုင်း နိုင်ငံတော်မပျက်မယွင်း၊ မပြိုကွဲအောင် ထိန်းသိမ်းနိုင်သည်မှာ ကျစ်လျစ်ခိုင်မာအင်အားတောင့်တင်းသည့် တပ်မတော်တစ်ရပ် ရှိနေခြင်းကြောင့်ဖြစ်သည်။ ယခုအခါ ပြည်တွင်း၊ ပြည်ပ အဖျက်သမားအင်အားစုများသည် နိုင်ငံတော်ပျက်စီးအောင်၊ တပ်မတော်ပျက်ပြားအောင် နည်းလမ်းပေါင်းစုံဖြင့် တိုက်ခိုက်နေချိန်တွင် ကျောချင်းကပ်၊ ရင်ချင်းအပ်သည့် စည်းလုံးညီညွတ်မှုကို တည်ဆောက်ထားရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံသားတိုင်း မဖြစ်မနေ ထမ်းဆောင်ကြရမည့်တာဝန်ဖြစ်သည့်အတွက် မွေးထုတ်ပေးခဲ့သော ပြည်သူ့စစ်မှုထမ်း သားကောင်းရတနာများသည် နောင်တော်တပ်မတော်သားများနှင့်အတူလက်တွဲ၍ နိုင်ငံတော်၊ တပ်မတော်နှင့် မိမိမိသားစုများက ဂုဏ်ယူတန်ဖိုးထားရသည့် နိုင်ငံ့သားကောင်း၊ စစ်သည်တော်ကောင်းများဖြစ်အောင် နေထိုင်ကျင့်ကြံ ကြိုးပမ်းဆောင်ရွက်ကြပါရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါကြောင်း။ ။