မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခမှာ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးအဖြစ် စာရင်းဝင်သည်။ လွတ်လပ်ရေးရပြီး လပိုင်းမျှအကြာတွင် စတင်တောက်လောင်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခမီးတောက်မီးလျှံများမှာ ၇၇ နှစ်တာ ကာလတစ်လျှောက် နည်းခြင်းများခြင်းသာရှိခဲ့ပြီး လုံးဝချုပ်ငြိမ်းသွားသည်ဟူ၍ မရှိခဲ့။ ရလဒ်မှာ နိုင်ငံမတိုးတက်ခြင်းနှင့် ဆင်းရဲနွမ်းပါးမှုနွံထဲ ကျရောက်နေရခြင်းပင်ဖြစ်သည်။
လက်ရှိမိမိတို့နိုင်ငံ ဖြတ်သန်းနေရသည့် အခြေအနေမှာ ရောင်စုံသောင်းကျန်းသူများ ပြည်တွင်း၌ ထကြွသောင်းကျန်းခဲ့ကြသည့် ကာလနောက်ပိုင်း အကျယ်ပြန့်ဆုံးသော အကြမ်းဖက်ဖျက်ဆီးတိုက်ခိုက်မှုများနှင့် ကြုံတွေ့နေရချိန်ဖြစ်ပြီး ကမ္ဘာ့အခြေအနေအရလည်းကောင်း၊ ပထဝီနိုင်ငံရေးအရလည်းကောင်း နိုင်ငံ၏အမျိုးသား အကျိုးစီးပွားအတွက် အန္တရာယ်ကြီးမားလျက်ရှိသည်။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုးတို့ အတူတကွနေထိုင်ရာ ပြည်ထောင်စုနိုင်ငံဖြစ်ရာ၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့သည် နိုင်ငံ၏အသက် တစ်နည်းအားဖြင့် အမျိုးသားအကျိုးစီးပွားပင်ဖြစ်သည်။ ထိုအရေးသုံးပါးတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် အမှီသဟဲပြုထားသော သုံးချောင်းထောက်မဏ္ဍိုင်တစ်ခု သဖွယ်ပင်ဖြစ်ပြီး တစ်ခုပြိုလဲသည်နှင့် အားလုံးပြိုလဲကျသွားမည် ဖြစ်သည်။
နိုင်ငံအတွင်းဖြစ်ပေါ်နေသည့် ပဋိပက္ခများအားလုံးတို့သည် အမျိုးသားစည်းလုံးညီညွတ်မှု ပြိုကွဲခြင်းကြောင့်ဖြစ်ရာ နိုင်ငံအဓွန့်ရှည်တည်တံ့ရန်မှာ စည်းလုံးညီညွတ်မှုကို တည်ဆောက်၍ ပြည်ထောင်စုစိတ်ဓာတ်အရင်းခံဖြင့် နိုင်ငံကို ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြရန်လိုသည်။ ထို့ပြင် ချွတ်ချော်တိမ်းပါးခဲ့သည့် ဒီမိုကရေစီကို လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ရောက်ရှိလာရန်အတွက် ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်ပေါက်လာစေရန် တရားမျှတမှန်ကန်သည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက်လည်း အရေးပေါ်ကာလအစိုးရနှင့် ပြည်သူတို့ ပူးပေါင်းကြိုးပမ်းကြရမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဟူသည် မည်သည့်အစိုးရအဖွဲ့က တာဝန်ယူသည်ဖြစ်စေ၊ စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည်သာဖြစ်ရာ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရန် ပြည်သူလူထု၏အားဖြင့် စုပေါင်းဆောင်ရွက်ကြရန်လိုသည်။ ၎င်းအပြင် အင်အားခိုင်မာတောင့်တင်းသည့် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ထည်နိုင်ရန်မှာ နိုင်ငံ၏အဓိကအားသုံးအားဖြစ်သော နိုင်ငံရေး အင်အား၊ စီးပွားရေးအင်အားနှင့် ကာကွယ်ရေးအင်အားတို့ကိုမြှင့်တင်ရန်၊ တစ်မျိုးသားလုံး၏ ဝိသေသလက္ခဏာဖြစ်သော အမျိုးသားရေးစရိုက်လက္ခဏာနှင့် အမျိုးသားစိတ်ဓာတ်မြင့်မားရန် လိုအပ်သည့်အလျောက် မိမိတို့မျှော်မှန်းသည့် ပန်းတိုင်သို့ရောက်အောင် မလျှော့သော ဇွဲ လုံ့လ ဝီရိယ၊ တစ်စုတစ်စည်းတည်း ခိုင်မြဲသောစည်းလုံးညီညွတ်မှုတို့ဖြင့် တစိုက်မတ်မတ် လျှောက်လှမ်းကြရမည်လည်း ဖြစ်သည်။
သို့ဖြစ်ရာ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်ဖြစ်သော (၁) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် လက်နက်ကိုင်ပဋိပက္ခများနှင့် သဘောထားကွဲလွဲမှုများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ရေး၊ (၂) နိုင်ငံသူနိုင်ငံသားအားလုံးတို့က စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံတော်ကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ထိန်းသိမ်းရေး၊ (၃) စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဖြစ်ပေါ်လာစေရေးအတွက် တရားမျှတသော၊ သိက္ခာရှိသော၊ နည်းလမ်းကျနမှန်ကန်မှုရှိသော အထွေထွေရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး၊ (၄) ပြည်ထောင်စုကြီးတစ်ခုလုံး ဘက်စုံထောင့်စုံဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပြည်သူလူထုတစ်ရပ်လုံး၏ “စုပေါင်းအား” ဖြင့် ဆောင်ရွက်ရေး၊ (၅) “ရှေ့သို့ချီမည် ပန်းတိုင်ဆီ” ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ အမျိုးသားရေးစရိုက်လက္ခဏာနှင့် အမျိုးသားစိတ်ဓာတ်မြှင့်တင်ရေးတို့အတွက် ခိုင်မာသည့်ဇွဲ၊ လုံ့လ၊ ဝီရိယထားပြီး စည်းလုံးညီညွတ်စွာဖြင့် ကြိုးပမ်းဖော်ဆောင်ရေးတို့နှင့်အညီ ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြကုန်သော နိုင်ငံသူ နိုင်ငံသားပြည်သူတစ်ရပ်လုံးက မဆုတ်မနစ် အားမာန်သစ် တို့ဖြင့် စုပေါင်းညီညာ အကောင်အထည်ဖော်ကြရပါမည့်အကြောင်း။ ။