နေပြည်တော် ဒီဇင်ဘာ ၂၈
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဥတ္တရခရိုင် ဥတ္တရသီရိမြို့နယ်ရှိ သစ်တောသုတေသနစခန်းအမှတ် ၅၊ မိုးစွေသို့သွားရောက်၍ မြန်မာနိုင်ငံသစ်တော ကျောင်းအမှတ်စဉ် ၁၁၈ မှ သင်တန်းသားများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက သစ်တောဦးစီဌာနအနေဖြင့် သစ်တောသယံဇာတများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ ထိန်းသိမ်းကာကွယ်ရေး၊ ရေဝေရေလဲနှင့် ဒီရေတောများ ထိန်းသိမ်းရေးတို့အတွက် စဉ်ဆက်မပြတ်ရေရှည်တည်တံ့သော သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အချိန်အထိ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တော ၄၉၀၊ နိုင်ငံဧရိယာ၏ ၂၅ ဒသမ ၉၀ ရာခိုင်နှုန်းနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ ၆၁ ခု၊ နိုင်ငံဧရိယာ၏ ၆ ဒသမ ၄၃ ရာခိုင်နှုန်းဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ အပူပိုင်းဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်ရေးနှင့် လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးအတွက် ၂၀၂၄ ခုနှစ် မိုးရာသီတွင် အပင်ပေါင်း ၂ သန်းကျော် စိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း၊ သင်တန်းသားများအနေဖြင့် ကျောင်းမှစာတွေ့သင်ခန်းစာများ၊ လက်တွေ့ကွင်းဆင်းဆောင်ရွက်မှုများနှင့် လုပ်ငန်းခွင်အတွေ့အကြုံများပေါင်းစပ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် မိမိဌာန၏ အားကိုးထိုက်သော အရည်အသွေးပြည့်ဝသည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားသွားကြရန်မှာကြားသည်။
ဆက်လက်၍ ဥတ္တရသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်း၊ အကွက် ၁၇ ရှိ ၁/၂၀၂၄ စီးပွားရေးကျွန်းစိုက်ခင်းဧက ၁၅၀ နှင့် ၁/၂၀၂၃ စီးပွားရေးကျွန်းစိုက်ခင်းဧက ၁၀၀ ၏ ရှင်သန်အောင်မြင်မှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ငလိုက်ကြိုးဝိုင်းအတွင်း မြန်မာနိုင်ငံသစ်တောကျောင်း သင်တန်းသားများ၏ လက်တွေ့ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့် စိုက်ခင်းမီးတား လမ်းဖောက်လုပ်ခြင်း၊ နယ်နိမိတ်သတ်မှတ်ဆောင်ရွက်ရေးအတွက် GPS ကိုင်ဆောင်အသုံးပြုခြင်း၊ စိုက်ခင်းတည်ထောင်ရာတွင် မြေနေရာရွေးချယ်ရေးအတွက် မြေဆီလွှာစမ်းသပ်ခြင်းနှင့် နမူနာကောက်ယူခြင်း၊ သစ်တောသယံဇာတ စာရင်းကောက်ယူခြင်းနှင့် မြေတိုင်းတာခြင်း လက်တွေ့ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် သစ်တောသုတေသနဌာန၊ ခန္ဓာပိုင်းမျိုးပွားဥယျာဉ်၊ ရေငွေ့ထိန်းခန်းအတွင်း အဖိုးတန်သစ်မျိုးများ၏ မျိုးရိုးဗီဇများစဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ထားရန်နှင့် မျိုးရိုးဗီဇတူညီ သောမျိုးကောင်းမျိုးသန့်ပင်များ ထုတ်လုပ်ပေးရန်အတွက် ခန္ဓာပိုင်းမျိုးပွားခြင်း ဆောင်ရွက်ထားရှိမှုနှင့် ငလိုက်ကြိုးဝိုင်းအကွက် ၇၃ ရှိ ကျွန်းအနက်စင်းမျိုး ရိုးဗီဇထိန်းသိမ်းရန်နှင့် သစ်မျိုးသန့်ပြန့်ပွားရေးအတွက် အထောက်အကူပြုရန် ရည်ရွယ်တည်ထောင် ထားသောကျွန်းအနက်စင်း မျိုးရိုးဗီဇထိန်းသိမ်းရေး စိုက်ခင်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်