တီဘီရောဂါဆိုသည်မှာ Mycobacterium Tuberculosis ခေါ် ဘက်တီးရီးယားပိုးကူးစက်ခံရပြီး အဆုတ်တစ်သျှူးများပျက်စီးခြင်းကြောင့် ခံစားရသည့်ရောဂါဖြစ်သည်။ တီဘီသည် လူ့အသက်ကို အန္တရာယ်ပြုနိုင်သည့်ကူးစက်ရောဂါများတွင် ဒုတိယမြောက် အန္တရာယ်အကြီးဆုံးရောဂါလည်း ဖြစ်သည်။ ၂၀၂၃ ခုနှစ်က ကမ္ဘာပေါ်တွင် လူဦးရေ ၁၀ ဒသမ ၈ သန်းခန့် တီဘီရောဂါဖြစ်ပွားခဲ့ပြီး တီဘီရောဂါကြောင့် သေဆုံးသူ ၁ ဒသမ ၂၅ သန်းခန့်ရှိသည်ဟု ခန့်မှန်းထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ တီဘီကင်းစင်ရေး မဟာဗျူဟာအရ ၂၀၂၅ ခုနှစ်တွင် တီဘီရောဂါဖြစ်ပွားမှုနှုန်းကို ၂၀၁၅ ခုနှစ် ဖြစ်ပွားမှုနှုန်း၏ ၅၀ ရာခိုင်နှုန်းနှင့် တီဘီရောဂါကြောင့် သေဆုံးမှုနှုန်းကို ၇၅ ရာခိုင်နှုန်းအထိ လျှော့ချသွားကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီ၊ တီဘီ/ အိပ်ချ်အိုင်ဗွီနှင့် ဆေးယဉ်ပါးတီဘီ အဖြစ်အများဆုံး နိုင်ငံ ၃၀ တွင် အပါအဝင်ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၃ ခုနှစ် ကမ္ဘာလုံးဆိုင်ရာတီဘီရောဂါအစီရင်ခံစာအရ ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံ၌ လူဦးရေတစ်သိန်းတွင် တီဘီလူနာသစ်ဖြစ်ပွားနှုန်း ၄၇၅ ဦးရှိပြီး သေဆုံးနှုန်းမှာ ၈၀ ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းကဦးဆောင်၍ ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားမဟာဗျူဟာစီမံကိန်း (National Strategic Plan) ၂၀၂၁-၂၀၂၅ နှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၃ ခုနှစ်တွင် စုစုပေါင်းတစ်သိန်းနှစ်သောင်းကျော် ရှာဖွေကုသပေးနိုင်ခဲ့ပြီး ဆေးကုသမှုအောင်မြင်နှုန်း ၈၈ ရာခိုင်နှုန်းရရှိခဲ့သည်။ တီဘီရောဂါဖြစ်ပွားမှုသည် ရန်ကုန်တိုင်းဒေသကြီးတွင်အများဆုံးဖြစ်ရာ စောစီးစွာကုသမှုခံယူခြင်းဖြင့် ရောဂါပျောက်ကင်းနိုင်မည်ဖြစ်သည်။
တီဘီရောဂါသည် လေထဲမှတစ်ဆင့် ကူးစက်ပျံ့နှံ့သည့်ကူးစက်ရောဂါဖြစ်ပြီး သလိပ်တွင် တီဘီပိုးရှိသော ဝေဒနာရှင်များ နှာချေ၊ ချောင်းဆိုးခြင်း၊ ကျယ်လောင်စွာ စကားပြောခြင်းအားဖြင့် တီဘီရောဂါပိုးများ လေထဲသို့ပျံ့နှံ့သွားပြီး ဘေးပတ်ဝန်းကျင်ရှိလူများက ရှူရှိုက်မိရာမှ ရောဂါပိုးများကူးစက်ခံရနိုင်သည်။ သို့ဖြစ်ရာ ရောဂါဖြစ်သူများမှ အတူနေမိသားစုသို့လည်းကောင်း၊ ရုံး၊ ကျောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ လူစုလူဝေးနေရာများတွင်လည်းကောင်း ကူးစက်နိုင်သည်။ အာဟာရချို့တဲ့သူ၊ ခုခံအားကျဆင်းသူ၊ ဆေးလိပ်၊ အရက် အလွန်အကျွံသောက်သူ၊ အသက်ကြီးသူများနှင့် ငါးနှစ်အောက်ကလေးများ၊ ဆီးချို၊ ကျောက်ကပ်၊ ကင်ဆာဖြစ်ပွားဖူးသူ၊ လေးဘက်နာဖြစ်ပွားဖူးသူ၊ အလင်းရောင်နှင့်လေဝင် လေထွက်မကောင်းသည့်နေရာများတွင် နေထိုင်လုပ်ကိုင်ရသူ၊ ဆင်းရဲနွမ်းပါးသူများတွင် တီဘီရောဂါကူးစက်ဖြစ်ပွားနိုင်ခြေ ပို၍များပြားသည်။
အကယ်၍ သီတင်းနှစ်ပတ်နှင့်အထက် ချောင်းဆိုးခြင်း၊ ချောင်းဆိုးသည့်အခါ သွေး သို့မဟုတ် သလိပ်ပါခြင်း၊ အစားအသောက်ပျက်၊ ကိုယ်အလေးချိန်ကျပြီး တဖြည်းဖြည်းပိန်လာခြင်း၊ တငွေ့ငွေ့ဖျားခြင်း (အထူးသဖြင့် ညနေပိုင်းတို့တွင်)၊ ညအခါ ချွေးအလွန်ထွက်ခြင်း စသည့်ရောဂါလက္ခဏာများ ပြသလာပါက အမြန်ဆုံးစစ်ဆေးကုသမှု ခံယူကြရန်လိုသည်။ မိမိတွင် ရောဂါဖြစ်ပါက မိသားစုဝင်အားလုံး တီဘီရောဂါရှိ၊ မရှိ စစ်ဆေးကြရန်လိုသည်။ အစိုးရကျန်းမာရေးဌာနအားလုံးနှင့် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသောပြင်ပ ဆေးရုံ၊ ဆေးခန်းများတွင် တီဘီရောဂါကို ပျောက်ကင်းသည်အထိ အခမဲ့စစ်ဆေးကုသပေးလျက်ရှိသည်။ တီဘီရောဂါကို ပျောက်ကင်းအောင် ဂရုတစိုက်ကုသမှုခံယူရန်လိုအပ်ပြီး ပျောက်ကင်းအောင်မကုသပါက တီဘီရောဂါပိုးသည် အဆုတ်မှတစ်ဆင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများသို့ ကူးစက်သွားနိုင်ကာ မလိုလားအပ်သည့် ဆိုးကျိုးများဖြစ်ပေါ်လာနိုင်သည်။
တီဘီရောဂါသည် ကျန်းမာရေးဝန်ထမ်းများ ညွှန်ကြားသည့်အတိုင်း ကုသမှုကို တိတိကျကျခံယူပြီး ဆေးများကို ရောဂါအမျိုးအစားအလိုက် မပျက်မကွက် ပုံမှန်သောက်ခြင်းဖြင့် ပျောက်ကင်းနိုင်သည့်ရောဂါဖြစ်ရာ မိမိနှင့်တကွ မိသားစုဝင်များ၊ မိမိနှင့်နီးစပ်သူများအတွင်း တီဘီရောဂါလက္ခဏာများတွေ့ရှိပါက စောစီးစွာစစ်ဆေးကုသခံယူကြပါရန် အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။