နိုင်ငံတော်အစိုးရက မြို့ပြများ ခေတ်မီအဆင့်မြင့်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ အန္တရာယ်ကင်းရှင်းပြီး အဆင်ပြေလွယ်ကူချောမွေ့စွာ သွားလာနိုင်ရေးအတွက် မြို့တွင်းလမ်းမကြီးများ၊ လမ်းငယ်များ၊ ပလက်ဖောင်းများ၊ လမ်းကူးတံတားများကို တည်ဆောက်ပေးထားသည့်အပြင် ယခုအခါ ပြည်သူများသွားလာရေး၌ နိုင်ငံတကာနှင့်တန်းတူ မြေအောက်လူကူး၊ မြေအောက်လမ်းကူး၊ လူသွားဥမင်များကိုပါ တည်ဆောက်ပေးလျက်ရှိသည်။
ယခုအခါ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်ပန်းခြံအကြား ဦးဝိစာရလမ်းကို ဖြတ်ကျော်ဖောက်လုပ်ထားသည့် မြန်မာနိုင်ငံ၏ ဒုတိယမြောက် မြေအောက်လမ်းကူးလူသွားဥမင် (Under-pass) ကို တည်ဆောက်ပေးခဲ့ရာ ဒီဇင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ မြေအောက်လမ်းကူး လူသွားဥမင်နေရာသည် ပြည်သူများ အပန်းဖြေအနားယူကြသည့် ပြည်သူ့ရင်ပြင်ပန်းခြံကြီးနှင့်တစ်ဆက်တည်း ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ပါ သွားရောက်ဖူးမြော်မှုများပြားသည့်နေရာဖြစ်သည်။ ဘုရားဖူးလာပြည်သူများ စိတ်ချမ်းသာစွာဖြင့် ရွှေတိဂုံစေတီတော်ကြီးနှင့် ပြည်သူ့ရင်ပြင်သို့ သွားရောက်ကြရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းပြီး သက်သောင့်သက်သာ ဖြတ်သန်းသွားလာနိုင်စေရန်နှင့် ခေတ်မီအခြေခံအဆောက်အအုံတစ်ခု ထပ်မံပေါ်ပေါက်လာစေရန်ရည်ရွယ်၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ မြေအောက်လမ်းကူး လူသွားဥမင်သည် ပင်မဥမင်အမြင့် ၁၁ ပေ၊ အကျယ် ၂၃ ပေ၊ ဥမင်အလျား စုစုပေါင်း ၄၆၁ ပေရှိပြီး ဝင်ပေါက်ထွက်ပေါက် လေးခုပါဝင်ကာ တစ်နာရီလျှင် လူဦးရေ ၁၄၀၀၀ ခန့် ဖြတ်သန်းသွားလာနိုင်မည်ဖြစ်သည်။ အဆိုပါဥမင်အတွင်း နိုင်ငံတကာတွင် အသုံးပြုနေသော မြေအောက်လမ်းကူး လူသွားဥမင်များနည်းတူ ရွေ့လျားစက်လှေကား လေးစင်း၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများ အသုံးပြုနိုင်ရန် ဓာတ်လှေကား နှစ်စင်း ထည့်သွင်းတည်ဆောက်ထားသောကြောင့် အဆိုပါပုဂ္ဂိုလ်များ အဆင်ပြေလွယ်ကူချောမွေ့စွာ အသုံးပြုနိုင်မည်ဖြစ်၍ ပြည်သူများ ကျေနပ်နှစ်သက်မှုရှိကြကြောင်း သိရသည်။
ယခုကဲ့သို့ မြေအောက်လမ်းကူး လူသွားဥမင်အသစ်ကို ဖွင့်လှစ်ပေးလိုက်နိုင်သောကြောင့် အများပြည်သူများ၊ ဘုရားဖူးလာပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာဖြင့် လွယ်ကူစွာသွားလာနိုင်ပြီဖြစ်သည်။ ထို့ပြင် ယာဉ်စီးရေထူထပ်များပြားသည့် ဦးဝိစာရလမ်းမပေါ်၌ ဖြတ်သန်းသွားလာလျက်ရှိသည့် မော်တော်ယာဉ်များအနေဖြင့် ယာဉ်ကြောပိတ်ဆို့မှုကို အထိုက်အလျောက် လျှော့ချပေးနိုင်မည်ဖြစ်သည်။ ယခုဖွင့်လှစ်ပေးခဲ့သည့် မြေအောက်လမ်းကူး လူသွားဥမင်သည် အများပြည်သူများအတွက် အကျိုးကျေးဇူးများစွာရရှိနိုင်သော အဆောက်အအုံဖြစ်ရုံသာမက ရန်ကုန်မြို့၏ တိုးတက်လာသော မြို့ပြအင်္ဂါရပ်ပြယုဂ်တစ်ခုလည်းဖြစ်သည်။
နိုင်ငံတော်အစိုးရက စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့ကို မြို့ပြအင်္ဂါရပ်များနှင့်ပြည့်စုံပြီး နိုင်ငံတကာရှိ မြို့ကြီးများနှင့်တန်းတူ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် လမ်းများ၊ ဥယျာဉ်ပန်းခြံများ တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းမွမ်းမံပေးခြင်း၊ လမ်းဆုံလမ်းခွများတွင် မော်တော်ယာဉ်များဖြတ်သန်းသည့် ခုံးကျော်တံတားများ၊ ယာဉ်များထူထပ်များပြားသည့် နေရာများတွင် လူကူးခုံးကျော်တံတားများ၊ ယာဉ်ရပ်နားရန်နေရာများ၊ ပြည်သူများသွားလာရန် ပလက်ဖောင်းများ၊ လူကူးလမ်းကူးနေရာများ၊ မော်တော်ယာဉ်မှတ်တိုင်များစသည့် အများပြည်သူတို့နှင့် ဆိုင်ရာများကို စဉ်ဆက်မပြတ်တည်ဆောက် ထိန်းသိမ်းမြှင့်တင် ပေးလျက်ရှိသည်။ ယခုတစ်ဖန် ဒုတိယမြောက်တည်ဆောက်ပေးသည့် မြေအောက်လမ်းကူး လူကူးဥမင်ကို တည်ဆောက်ပေးခဲ့ပြန်ရာ မြို့နေပြည်သူများကလည်း စနစ်တကျအသုံးပြုကြရန် လိုအပ်မည်ဖြစ်သည်။
ပြည်သူများအနေဖြင့် သတ်မှတ်ထားသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လေးစားလိုက်နာကြရန်လိုအပ်သည်။ သာဓကအနေဖြင့် နိုင်ငံတော်အစိုးရက ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များ အန္တရာယ်ကင်းစွာသွားလာနိုင်ရေးအတွက် မော်တော်ယာဉ်ရှုပ်ထွေးသောနေရာများနှင့် လူအသွားအလာများသောနေရာများတွင် လူကူးခုံးကျော်တံတားများကို တည်ဆောက်ပေးထားသော်လည်း ခရီးသွားပြည်သူအများစုအနေဖြင့် လူကူးခုံးကျော်တံတားပေါ်မှ ဖြတ်သန်းသွားလာခြင်းမရှိဘဲ ယခင်အတိုင်း လမ်းမပေါ်မှပင် အလွယ်တကူဖြတ်သန်းသွားလာနေကြသည်ကို မြင်တွေ့နေရသည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရက ပြည်သူများသွားလာကြရာတွင် လွယ်ကူချောမွေ့ပြီး အန္တရာယ်ကင်းစွာဖြင့် သွားလာနိုင်ရေး၊ မော်တော်ယာဉ်များ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်စေရေး၊ မြို့ပြအင်္ဂါရပ်များနှင့်အညီ နိုင်ငံတကာအလယ်တွင် အမြင်တင့်တယ်၍ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တည်ဆောက်ပေးထားသော မြို့ပြအခြေခံအဆောက်အအုံများကို နိုင်ငံကြီးသားပီသစွာဖြင့် စည်းကမ်းလိုက်နာ စနစ်တကျအသုံးပြုကြရန် အသိပေးတိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။