Skip to main content

အားကောင်းလာသည့် ကာကွယ်ဆေးဆိုင်ရာ မျှော်လင့်ချက်များ

ကမ္ဘာတစ်ဝန်းကလူတွေ ယနေ့အချိန်အခါမှာ မျှော်လင့်ချက် ကြီးကြီးနဲ့ စောင့်မျှော်နေကြတဲ့ သတင်းကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေးဘယ်တော့ပေါ်မှာလဲဆိုတဲ့ သတင်းပါပဲ။ ကာကွယ် ဆေးထွက်ပေါ်လာရင်တောင် တစ်ကမ္ဘာလုံးက လူသားတွေအတွက် လုံလောက်အောင် ထုတ်လုပ်ပေးနိုင်ဖို့ဆိုတာ စိန်ခေါ်မှုကြီးတစ်ခုပါပဲ။

ကာကွယ်ဆေးထုတ်လုပ်ဖို့အသင့်

အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီ ကုလသမဂ္ဂမှာ မိန့်ခွန်းပြောကြားရာမှာတော့ ကိုဗစ်- ၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း အိန္ဒိယဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းကနေ မရှိမဖြစ် လိုအပ် တဲ့ဆေးဝါးတွေကို နိုင်ငံပေါင်း ၁၅၀ ကျော်ဆီ ဖြန့်ဝေပေးနိုင်ခဲ့ တယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း သိပ္ပံ ပညာရှင်တွေကသာ ကာကွယ်ဆေး ဆက်လက် ရှာဖွေတွေ့ရှိမယ် ဆိုရင် အိန္ဒိယနိုင်ငံဟာ တစ်တိုင်းပြည်လုံးအနှံ့ ကိုဗစ် - ၁၉ ကာကွယ်ဆေးတွေ အလုံးအရင်းနဲ့ ထုတ်လုပ်ဖို့အတွက် အဆင်သင့်ပဲလို့ အိန္ဒိယဝန်ကြီးချုပ်မိုဒီက ပြောကြားခဲ့ပါတယ်။ အိန္ဒိယ နိုင်ငံဟာ ကမ္ဘာပေါ်မှာ အမေရိကန်ပြည်ထောင်စုပြီးရင် ကိုဗစ် - ၁၉ ကို ဒုတိယမြောက် အဆိုးဆုံး ထိခိုက်ခံစားရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ယခုနှစ်အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာတော့ ကိုဗစ် - ၁၉ နဲ့ပတ်သက်ပြီး ပြောဆိုမှုတွေ အများဆုံးဖြစ်နေပါ တယ်။

တစ်ကမ္ဘာလုံးအတွက် လုံလောက်မှုရှိ

အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ဆေးထုတ်လုပ်နိုင်မှုနဲ့ ဖြန့်ဖြူးပေးနိုင်မှုဟာ တစ်ကမ္ဘာလုံးက ကိုဗစ် - ၁၉ တိုက်ဖျက်ရေးအတွက် ကြိုးပမ်းနေကြတဲ့ လူသားအားလုံးအတွက် လုံလောက်မှုရှိတယ်လို့ ဝန်ကြီးချုပ်မိုဒီက စက်တင်ဘာ ၂၆ ရက်မှာ ပြောကြားခဲ့ပါ တယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ကမ္ဘာ့လူသားတွေကို အာမခံချက်ပေးချင် ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ဆေးထုတ်လုပ်နိုင်စွမ်းနဲ့ တင်ပို့နိုင်စွမ်းဟာ ကမ္ဘာကြီးပေါ်မှာ နေထိုင်နေကြတဲ့ လူသားတွေ ကိုကူညီပေးသွားမှာပဲဖြစ်တယ်လို့ ကုလသမဂ္ဂအထွေထွေ ညီလာခံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ လူသားမျိုးနွယ်စုအားလုံးရဲ့ အကျိုးစီးပွားအတွက် အမြဲရှေးရှု ကြောင်းကိုလည်း ဆက်လက်ပြောကြားခဲ့ပါတယ်။

အလုံးအရင်းနဲ့ ထုတ်လုပ်ဖို့အသင့်

အိန္ဒိယနိုင်ငံမှာ စမ်းသပ်နေတဲ့ ကာကွယ်ဆေးသုံးမျိုးရှိပြီး ကာကွယ်ဆေးအောင်မြင်ခဲ့ရင်လည်း အလုံးအရင်းနဲ့ ထုတ်လုပ် သွားဖို့ဆိုတာ အဆင်သင့်ပါပဲလို့ လွတ်လပ်ရေးနေ့ မိန့်ခွန်းမှာ အိန္ဒိယဝန်ကြီးချုပ်က အခုလို ပြောကြားခဲ့တာပါ။ ကုလသမဂ္ဂ အကြီးအကဲဖြစ်သူ အန်တိုနီယို ဂူတာရက်စ်ကတော့ ကိုဗစ် - ၁၉ ကာကွယ်ဆေးကို လူသားတိုင်း လက်လှမ်းမီရမယ်လို့ ထပ်ခါ ထပ်ခါ ပြောကြားခဲ့ပါတယ်။

လုံခြုံစိတ်ချမှု ခံစားရမှာမဟုတ်

ယခုသီတင်းပတ် အစောပိုင်းကလည်း ကိုယ့်နိုင်ငံရဲ့လူဦးရေအတွက်သာ ကာကွယ်ဆေးရရှိဖို့ ကြိုးပမ်းကြတဲ့ နိုင်ငံတချို့ကို ဂူတာရက်စ်က ဆွဲထုတ်ပြခဲ့ပါတယ်။ ကာကွယ်ဆေးကို အမျိုးသားရေးစိတ်ဓာတ်ပြင်းပြမှုနဲ့ လုပ်ဆောင်တာ ဟာ တရားမျှတမှု မရှိဘူး။ လူသားတွေ အားလုံးအတွက် လုံခြုံစိတ်ချရမှု မရှိသရွေ့တော့ ဘယ်သူမှလုံခြုံစိတ်ချရမှုကို ခံစားရမှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးက ပြောကြားခဲ့ပါတယ်။

သတိထားဖို့ပြောဆို

ကာကွယ်ဆေးနဲ့ ပတ်သက်လာရင် ရှေ့တန်းကနေ ပြေးနေတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တရုတ် နိုင်ငံကလည်း ကိုဗစ် - ၁၉ ကာကွယ်ဆေးအတွက် အရေးပေါ်အခြေအနေမှာ အသုံးပြုဖို့ အစီအစဉ် မစတင်မီအချိန်ကတည်းက ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ နားလည်မှုနဲ့ ထောက်ခံမှုကို ရရှိခဲ့တယ်လို့ တရုတ် ကျန်းမာရေးအရာရှိတွေက စက်တင်ဘာ ၂၅ ရက်မှာ ပြောကြားခဲ့ ပါတယ်။ အနောက်နိုင်ငံက ကာကွယ်ဆေးထုတ်လုပ်သူတွေနဲ့ ကျွမ်းကျင်သူတွေ ကတော့ နောက်ဆုံးအဆင့် စမ်းသပ်မှုမပြီးစီးမီ ပုံမှန်ထက်စောပြီး ကိုဗစ် - ၁၉ ကာကွယ်ဆေး ခွင့်ပြုပေးခြင်းကို သတိထားကြဖို့ ပြောဆိုခဲ့ပါတယ်။ ကိုဗစ် - ၁၉ ကာကွယ်ဆေးကို အရေးပေါ် အခြေအနေမှာ အသုံးပြုဖို့ စမ်းသပ်မှုကို ဇွန်လကုန် ကတည်းက နိုင်ငံတော် ကောင်စီကနေ ခွင့်ပြုပေးခဲ့တယ်လို့ တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်မှ အရာရှိတစ်ဦးဖြစ်သူ ကျန်းကျိုးဝေ က ပြောပါတယ်။

ထောက်ခံမှုရရှိ

ခွင့်ပြုချက်ရပြီးတဲ့ နောက်မှာတော့ တရုတ်နိုင်ငံအတွင်းမှာရှိတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အရာရှိတွေနဲ့ ချိတ်ဆက်ပြီး သတင်းပို့ခဲ့ပါတယ်။ အဲဒီနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ နားလည်မှုနဲ့ ထောက်ခံမှုကို ရရှိခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ဇူလိုင် ၂၂ ရက်ကစလို့ အန္တရာယ်များပြားတဲ့ လုပ်ငန်းတွေ မှာ လုပ်ကိုင်နေကြ တဲ့သူတွေကို လေ့လာစမ်းသပ်နေဆဲကာကွယ်ဆေး အသုံးပြုခဲ့တယ်လို့ လွန်ခဲ့တဲ့လက စီစီတီဗွီနဲ့ အင်တာဗျူးမှာ ကျန်းကပြောခဲ့ပါတယ်။ ကူးစက်ရောဂါနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ ကူးစက်ရောဂါကာကွယ်ရေးဝန်ထမ်းတွေ၊ ဖျားနာကုသဆောင်က ဝန်ထမ်းတွေ၊ အကောက်ခွန်နဲ့ နယ်စပ်ထိန်းချုပ်ရေးက ဝန်ထမ်းတွေဟာ ကာကွယ်ဆေးရရှိခဲ့တဲ့လူတွေပဲ ဖြစ်တယ်လို့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

ဆိုးရွားသည့်အကျိုးသက်ရောက်မှုမရှိ

အဆင့် ၃ စမ်းသပ်ချက် မပြီးသေးတဲ့ ကာကွယ်ဆေးကိုတော့ နိုင်ငံပိုင်ဇီဝနည်းပညာ ကုမ္ပဏီကြီး ဖြစ်တဲ့ Sinopharm ကနေ ထုတ်လုပ်နေတာပဲ ဖြစ်ပါတယ်။ ယခုလအတွင်း Sinopharm ကုမ္ပဏီဝက်ဘ်ဆိုက်ကနေတင်တဲ့ သတင်းမှာတော့ ကာကွယ်ဆေးနှစ်မျိုးကို အရေးပေါ် ကာကွယ်ဆေးပေးရေး အစီအစဉ်အောက်မှာ အသုံးပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီကာကွယ်ဆေးတွေကို ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ၊ ကူးစက်မှုမြင့်မားတဲ့ နိုင်ငံတွေမှာ တာဝန် ထမ်းဆောင်နေရတဲ့ သံတမန်တွေ၊ နိုင်ငံရပ်ခြားမှာ အလုပ်လုပ် ကိုင်နေကြတဲ့ တရုတ်နိုင်ငံပိုင် လုပ်ငန်းကုမ္ပဏီတွေက လုပ်သားတွေမှာ အသုံးပြုခဲ့ပြီး အဲဒီလူတွေအားလုံးမှာ ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ၊ ရောဂါကူးစက်ခံရမှုတွေ မတွေ့ရှိရဘူးလို့ ၎င်းကဆက်လက် ပြောကြားခဲ့ပါတယ်။

ယူအေအီးနိုင်ငံကလည်း ခွင့်ပြု

Sinopharm ကုမ္ပဏီရဲ့ ကာကွယ်ဆေးတွေကို အဆင့် ၃ စမ်းသပ်ရာမှာတော့ ယူအေအီး၊ ဘာရိန်း၊ ပီရူး၊ မော်ရိုကိုနဲ့ အာဂျင်တီးနားနိုင်ငံတွေမှာ ပြုလုပ်နေပါတယ်။ ပြီးခဲ့တဲ့လကပဲ Sinopharm က ထုတ်တဲ့ ကာကွယ်ဆေးကို ရှေ့တန်းက ရင်ဆိုင်နေရတဲ့ ကျန်းမာရေးလုပ်သားတွေမှာ အရေးပေါ်အခြေ အနေအတွက် အသုံးပြုဖို့ ယူအေအီးနိုင်ငံက ခွင့်ပြုပေးလိုက်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာရှိတဲ့ ကာကွယ်ဆေးထုတ်လုပ်နေတဲ့ နိုင်ငံတွေ အကြားမှာ ရှေ့တန်းက ပြေးနေတဲ့နိုင်ငံဖြစ်ပြီး လက်ရှိမှာ ကာကွယ်ဆေး ၁၁ မျိုးကို စမ်းသပ်နေပြီး ကာကွယ်ဆေးလေး မျိုးကတော့ အဆင့် ၃ စမ်းသပ်မှုကို ရောက်ရှိနေကြပါပြီ။

မျှော်လင့်ချက် ရောင်ခြည်သန်းလာပြီ

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင် ကမ္ဘာပေါ် မှာ လူသားတွေနဲ့ စမ်းသပ်မှုအဆင့်အထိ ရောက်နေပြီဖြစ်တဲ့ ကာကွယ်ဆေးပေါင်း ၃၈ မျိုး ရှိပါတယ်။ အဲဒီထဲကမှ ကိုးခုဟာ နောက်ဆုံးအဆင့်စမ်းသပ်မှုကို ရောက်နေကြပြီလို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။ ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ မျှော်လင့်ချက်ရောင်ခြည်တွေ သန်းလာပြီဖြစ်ပေ မယ့် ကာကွယ်ဆေးအဆင်သင့် မဖြစ်မီမှာ လူပေါင်းနှစ်သန်းနီးပါး သေဆုံးသွားနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတိ ပေးထားတဲ့အတွက် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ဖို့၊ လူမှုဝေးကွာအစီအစဉ်အတိုင်း နေထိုင်ဖို့က ဒီအချိန်မှာ အရေးအကြီး ဆုံးပါပဲ။ ။

ခြူးစန္ဒီနွေး
ကိုးကား - တိုင်းမ်အော့အိန္ဒိယ၊ စီအင်န်အင်န်