Skip to main content

နွားထိုးကြီးမြို့နယ် မြိုင်သာရွာနှင့် ဒေါင့်ဘိုးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေ

နေပြည်တော် ဒီဇင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် မြိုင်သာရွာနှင့် ဒေါင့်ဘိုးရွာကို ဒီဇင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းကျေးရွာများအတွင်း ပြည်သူများအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် လိုအပ်သည့်နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းမရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာများကို ဒရုန်းဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး တရားမဝင်ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် ပြည်သူလူထုမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ မဟုတ်မမှန်ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်