Skip to main content

(၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ စာပြန်သံဃာများအား ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် လာရောက်ဖူးမြော်ကြည်ညို

ရန်ကုန် ဒီဇင်ဘာ ၂၅

(၇၇) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးတွင် ဝင်ရောက်ဖြေဆိုလျက်ရှိသည့် စာပြန်သံဃာတော်(၇၇)ပါးတို့အား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တာဝန်ကျ(ပထမအဖွဲ့ခွဲ) ဒုတိယဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဇောတိပါလ မြင်းခြံဆရာတော်ကြီးအမှူးပြုသော ပညာရေးအဖွဲ့ငယ်ဆရာတော်ငါးပါးတို့က ကြွရောက်ချီးမြှောက်အားပေးခဲ့ကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများက ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းမှာ ၁၃၁၀ ပြည့်နှစ်တွင် သူဌေးကြီးဆာဦးသွင်ကို ဥက္ကဋ္ဌတင်မြှောက်၍ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ တိပိဋကဓရရွေးချယ်ရေးအဖွဲ့တစ်ခုဖွဲ့စည်းပြီး တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ပွဲဆိုင်ရာ လိုက်နာသင့်သည့် (စည်းမျဉ်းဥပဒေ)ကို ရေးသား၍ စာမေးပွဲကြီးကို (၁၃၁၀ ပြည့်နှစ်) ၁၉၄၈ ခုနှစ်တွင် စတင်ကျင်းပခဲ့သည်။

တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးသို့ ဝင်ရောက်ဖြေဆိုကြမည့် ရဟန်းသာမဏေများသည် အနည်းဆုံးပထမကြီး၊ ဝိနယဝိဒူ၊ သာမဏေကျော်(တတိယဆင့်) အောင်မြင်ပြီးသော ရဟန်း၊ သာမဏေများဖြစ်ရမည်ဖြစ်ပြီး သင်ရိုးပိဋက သုံးပုံပါဠိတော်ကျမ်းစာအုပ်များမှာ ဝိနယပိဋကကျမ်းစာအုပ်ငါးအုပ်၊ စာမျက်နှာပေါင်း ၂၂၆၀၊ သုတ္တန္တပိဋက၊ ကျမ်းစာအုပ် သုံးအုပ်စာမျက်နှာပေါင်း ၇၇၉ မျက်နှာ၊ အဘိဓမ္မပိဋက ကျမ်းစာအုပ် ၁၂ အုပ်၊ စာမျက်နှာပေါင်း ၄၉၈၇ မျက်နှာ၊ စုစုပေါင်းကျမ်းစာအုပ် ၂၀ ၊ စာမျက်နှာပေါင်း ၈၀၂၆ မျက်နှာဖြစ်၍ အာဂုံပြန်ဆို အောင်မြင်ပါက “တိပိဋကဓရဘွဲ့”ကို ဆက်ကပ်ပြီး ယင်းကျမ်းစာအုပ် ၂၀ နှင့် အဖွင့်ကျမ်းများဖြစ်သည့် အဋ္ဌကထာ၊ ဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ဂဏ္ဌိ၊ အနုဂဏ္ဌိ စသောကျမ်းစာအုပ်များမှ အဓိပ္ပာယ်အရကောက်များကို သဘောရေးဖြေအောင်မြင်တော်မူလျှင် တိပိဋကဓရတိပိဋကကောဝိဒဘွဲ့ကို ဆက်ကပ်ကာ နိုင်ငံတော်က ကုန်း၊ ရေ၊ လေ အခမဲ့အထက်တန်းခရီးသွားလက်မှတ် (ရာသက်ပန်) တပည့်နှစ်ဦးအပါအဝင် လစဉ်ဆွမ်းဆန်တော်တို့ကို ဆက်ကပ်လှူဒါန်းသည်။

အာဂုံပြန်ဆိုချိန်မှာ တစ်ရက်လျှင် နံနက်ပိုင်း ၈ နာရီမှ ၁၀ နာရီအထိ လေးကြိမ်၊ မွန်းလွဲပိုင်း ၁ နာရီမှ ၄ နာရီအထိ ငါးကြိမ်စုစုပေါင်း ကိုးကြိမ်နှုန်းဖြင့် ၁၈ ရက်တိတိ ပြန်ဆိုရပြီး သဘောရေးဖြေစာမေးပွဲကို မွန်းလွဲ ၁၂ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ငါးရက်ဖြေဆိုရကာ အာဂုံပြန်ဆိုရာတွင် အထစ်အငေါ့မရှိ ထူးကဲစွာ ပြန်ဆိုနိုင်လျှင် ဝိသိဋ္ဌဝိနယဓရ၊ ဝိသိဋ္ဌဒီဃဘာဏကနှင့် ဝိသိဋ္ဌအာဘိဓမ္မိကဘွဲ့၊ သဘောရေးဖြေတွင် သတ်မှတ်အောင်မှတ်နှင့် အထက်ရရှိပါက မဟာဝိနယကောဝိဒ၊ မဟာဒီဃနိကာယကောဝိဒနှင့် မဟာအဘိဓမ္မကောဝိဒဘွဲ့တို့ကို ဆက်ကပ်၍ တိပိဋကဓရတိပိဋကကောဝိဒဘွဲ့ကို ခံယူရရှိတော်မူပြီး အနည်းဆုံးငါးနှစ်သက်တမ်းပြည့်မြောက်လျှင် “တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက” ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်သည်။

စာမေးပွဲကြီးစတင်ကျင်းပသည့် (၁၃၁၀ ပြည့်နှစ်) ၁၉၄၈ ခုနှစ်မှစ၍ ၂၀၂၄ ခုနှစ်အတွင်း တိပိဋကဓရ တိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည်အရှင်သူမြတ် ၁၆ ပါး ပေါ်ထွန်းခဲ့ပြီး တိပိဋကဓရတိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်ရ သာသနာ့အာဇာနည် အရှင်သူမြတ် ၁၆ ပါးတွင် သက်တော်ထင်ရှား ဆရာတော် ၁၁ ပါးရှိ၍ ငါးပါးပျံလွန်တော်မူပြီးဖြစ်ကြောင်းနှင့် တိပိဋကဓရဘွဲ့တံဆိပ်တော်ရ ဆရာတော်ခြောက်ပါးတွင် သက်တော်ထင်ရှား ဆရာတော်ငါးပါးရှိသည်။

ယနေ့တွင် အဘိဓမ္မာ(ဒုတိယပိုင်း) စာပြန်သံဃာတစ်ပါး၊ အဘိဓမ္မာ (ပထမပိုင်း) စာပြန်သံဃာတစ်ပါး၊ ဒီဃနိကာယ်စာပြန်သံဃာ ငါးပါး၊ ဝိနည်း (ဒုတိယပိုင်း) စာပြန်သံဃာ ၃၉ ပါး၊ ဝိနည်း (ပထမပိုင်း) စာပြန်သံဃာ ၃၁ ပါး စုစုပေါင်း ၇၇ ပါးတို့ အာဂုံပြန်ဆိုလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်