Skip to main content

တိုက်ပွဲဝင်အသင့် တပ်မတော်(ရေ)တက်လှမ်း

မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာသော တပ်မတော်(ရေ)သည် (၇၇)နှစ်ပြည့်မြောက်ပြီဖြစ်သည်။ နိုင်ငံတော်၏ ရေကြောင်းဆိုင်ရာ အကျိုးစီးပွားများနှင့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝကာကွယ်စောင့်ရှောက်ရန်အတွက် စစ်ရေယာဉ်များအား တပ်တော်ဝင်ခြင်းအခမ်းအနားကို ယမန်နေ့က ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံသည် ကြီးမားကျယ်ပြန့်သော ပင်လယ်ပြင်ကြီးနှင့်အတူ မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်းသည် ရေမိုင် ၁၂၆၀ ရှည်လျားပြီး ကျွန်းပေါင်း ၁၄၀၀ ကျော်ရှိကာ ရေပေါ်ရေအောက် အဖိုးတန်သယံဇာတများ၊ ပင်လယ်ကမ်းရိုးတန်း သဘာဝအလှတရားများစွာတို့ကို ပိုင်ဆိုင်ထားသောနိုင်ငံဖြစ်သည်။ ထိုသို့ ပြီးပြည့်စုံသော အဖိုးတန်လှသည့် မြန်မာ့ပင်လယ်ပြင်ရေပိုင်နက်ကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် မြန်မာ့တပ်မတော် (ရေ) အား ခေတ်မီအင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်လာစေရေးကို တပ်မတော်က စဉ်ဆက်မပြတ် တိုးချဲ့တည်ဆောက်ပေးလျက်ရှိသည်။

ယနေ့ကာလတွင် တပ်မတော်(ရေ)က တည်ဆောက်ပြီးစီးခဲ့သည့် ၁၃၅ မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီး အမည်ပေးခြင်းနှင့် ရေချပေးခြင်း၊ ၆၃ မီတာ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်နှစ်စင်းအား တပ်တော်ဝင်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် နိုင်ငံတော်၊ တပ်မတော်နှင့် တပ်မတော်(ရေ)တို့အတွက် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောနေ့တစ်နေ့ဖြစ်သည်။ ၁၃၅ မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီးသည် လိုသလိုရွေးချယ်ပြောင်းလဲအသုံးပြုနိုင်သည့် ဂီယာစနစ်ပါဝင်သော ဒီဇယ် (သို့မဟုတ်) ဂက်စ်တာဘိုင် ပေါင်းစပ်မောင်းနှင်မှုစနစ်ကို တပ်ဆင်ထားသည့် စစ်ရေယာဉ်ကြီးဖြစ်သည်။ တပ်မတော်(ရေ)အနေဖြင့် မြစ်တွင်းသွားရေယာဉ်များမှ ယခုဖရီဂိတ်စစ်ရေယာဉ်ကြီးများအထိ အဆင့်ဆင့်တိုးမြှင့်တည်ဆောက်နိုင်ခဲ့သည်မှာ ဂုဏ်ယူဖွယ်ရာဖြစ်သည်။

“ရေတပ်၏ တိုက်စွမ်းအားသည် စစ်ရေယာဉ်ဖြစ်သည်”ဟူသော ဆောင်ပုဒ်နှင့်အညီ ခေတ်မီစစ်ရေယာဉ်သစ်များကို တည်ဆောက်နိုင်သဖြင့် ပြည်ပမှဝယ်ယူအသုံးပြုသည့်အဆင့်မှ ကိုယ်တိုင်တည်ဆောက်သူအဆင့်သို့ တက်လှမ်းနိုင်ပြီဖြစ်သည်။ တပ်မတော်(ရေ)ကို ပထမအဆင့်အဖြစ် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝကာကွယ်နိုင်သည့် သုံးဖက်မြင်စစ်ဆင်နိုင်စွမ်းရှိသော တိုက်ပွဲဝင်အသင့်ရေတပ်အဖြစ်သို့ တက်လှမ်းနိုင်ခဲ့သည်။ ထို့အပြင် ဒုတိယအဆင့်အနေဖြင့် မြန်မာ့ပင်လယ်ပြင်နှင့် ဆက်စပ်ပင်လယ်ပြင်များသို့ ဖြန့်ကြက်နိုင်စွမ်းရှိသည့် ရေတပ်အဖြစ်သို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။ ဆက်စပ်ပင်လယ်ပြင်များသို့ ဖြန့်ကြက်နိုင်စွမ်းရှိသည့် ရေတပ်ဖြစ်စေရေးအတွက် တိုက်စွမ်းရည်မြင့်မားသည့် စစ်ရေယာဉ်ကြီးများ ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာ့သမိုင်းတွင် တိုင်းတစ်ပါးလက်အောက်သို့ ကျရောက်တော့မည့်အချိန်က ကိုလိုနီနယ်ချဲ့စစ်တပ်သည် စစ်ရေယာဉ်များကို အဓိကအသုံးပြု၍ ချီတက်တိုက်ခိုက်ခဲ့ရာ မြန်မာ့တပ်မတော်၏ တိုက်ရေယာဉ်အင်အားနည်းပါးသောကြောင့် နယ်ချဲ့တို့ကို ခုခံတိုက်ခိုက်နိုင်စွမ်း မယှဉ်နိုင်သဖြင့် တိုင်းပြည်လက်လွှတ်ဆုံးရှုံးခဲ့ရသည့် သင်ခန်းစာများရခဲ့သည်။ မျက်မှောက်ကာလတွင် မြန်မာ့တပ်မတော်(ရေ)ကို နိုင်ငံတကာအဆင့်မီ အဆင့်ဆင့်မြှင့်တင်တည်ဆောက်ပေးခဲ့ပြီး ရေတပ်တိုက်စွမ်းအား မြင့်မားတိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ယခုနိုင်ငံ၏ ပြည်တွင်းရန်ကို နှိမ်နင်းခြင်း၊ ပြည်ပရန်ကိုကာကွယ်ခြင်းနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် စံနှုန်းများ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် သာလွန်မင်းတရားကြီးကို ဂုဏ်ပြုသောအားဖြင့် ၁၃၅ မီတာ ဖရီဂိတ်စစ်ရေယာဉ်ကြီးအား စစ်ရေယာဉ်ကြီး “သာလွန်မင်း”ဟု အမည်ပေးထားသည်။

ယခုစစ်ရေယာဉ်ကြီးသည် တပ်မတော်(ရေ)တွင် တည်ဆောက်ခဲ့သည့် စစ်ရေယာဉ်များအနက် အရွယ်အစားအကြီးမားဆုံးဖြစ်ပြီး ခေတ်မီစစ်ရေယာဉ်တစ်စင်း၏ လိုအပ်ချက်များနှင့်အညီ ကိုယ်ထည်ပိုင်း၊ စက်ပိုင်း၊ လျှပ်စစ်ပိုင်း၊ လက်နက်နှင့် လက်နက်စနစ်ပိုင်းတို့ကို ပြည့်စုံစွာထည့်သွင်းတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ရေယာဉ်အတွင်းပိုင်းအခန်းဖွဲ့စည်းမှုများနှင့် စနစ်များကိုလည်း နိုင်ငံတကာ ခေတ်မီစစ်ရေယာဉ်ကြီးများနည်းတူ ကောင်းမွန်အောင်တည်ဆောက်ထားပြီး အမြန်နှုန်းတစ်နာရီရေမိုင် ၃၀ နှုန်းမောင်းနှင်နိုင်မည့် စစ်ရေယာဉ်ကြီးဖြစ်သည်။ စစ်ရေယာဉ်ကြီးအနေဖြင့် ၂၁ ရာစုရေတပ်များ၏ ရည်မှန်းချက်တာဝန်များနှင့် စွမ်းရည်များကိုပိုင်ဆိုင်မည့် စစ်ရေယာဉ်ကြီးဖြစ်ပြီး မြန်မာ့ပင်လယ်ပြင်အတွင်း သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုများကို ရှေ့တန်းကျကျ ကာကွယ်တားဆီးတိုက်ပွဲဝင်နိုင်မည်ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာ့တပ်မတော်(ရေ)ကို တစ်ခေတ်ဆန်းသစ် အဆင့်မြှင့်တင်တည်ဆောက်နိုင်သဖြင့် မြန်မာ့ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝကာကွယ်နိုင်သည့်အပြင် ပြည်တွင်းပြည်ပအန္တရာယ်များအား သုံးဖက်မြင်စစ်ဆင်နိုင်စွမ်းရှိသော တိုက်ပွဲဝင်အသင့်ရေတပ်အဖြစ်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါကြောင်း။ ။