မိမိတို့နိုင်ငံတွင် နိုင်ငံသူ၊ နိုင်ငံသားများ၏ ၉၂ ရာခိုင်နှုန်းခန့် စာတတ်မြောက်ကြရာ ယေဘုယျအားဖြင့် စာတတ်မြောက်မှုနှုန်း မြင့်မားသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် အများစုမှာ မူလတန်းအဆင့်သာဖြစ်ပြီး ကျောင်းသားအများစုသည် မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြခြင်းဖြစ်ရာ ဤအခြေအနေသည် နိုင်ငံ့အနာဂတ်အတွက် စိုးရိမ်စရာပင်ဖြစ်သည်။ နိုင်ငံ၏ အနာဂတ်တွင် တာဝန်ထမ်းဆောင်ကြရမည့် မျိုးဆက်သစ်များအတွင်း တန်ဖိုးမြှင့်လူသားအရင်းအမြစ် ချို့တဲ့မည်ဆိုပါက နိုင်ငံကို ကောင်းမွန်အောင်၊ မြင့်မားအောင်တည်ဆောက်နိုင်ရန် ခဲယဉ်းမည်ဖြစ်သည်။
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၂၅ နှစ်အထက် လူဦးရေ ၂၅ ဒသမ ၁၆၉ သန်းရှိရာ ၎င်းတို့အနက် ကိုးသိန်းကျော်သည် အတန်းလုံးဝမရှိ၊ ၁၂ ဒသမ ၈၃ သန်းသည် မူလတန်းနှင့် မူကြိုအဆင့်၊ ၅ ဒသမ ၄၆ သန်းသည် အလယ်တန်းအဆင့်၊ ၃ ဒသမ ၃ သန်းခန့်သည် အထက်တန်းအဆင့်နှင့် ဘွဲ့ရသူ ၂ ဒသမ ၆၈ သန်းရှိသည်ဟု သိရသည်။ သို့ဖြစ်ရာ သန်းနှင့်ချီ၍ ရှိနေသည့် ကျောင်းမနေဖူးသူ၊ စာမတတ်သူများကို အခြေခံစာရေးစာဖတ်၊ အတွက်အချက်တတ်မြောက်လာစေရန် သင်ကြားပေးရမည်ဖြစ်သကဲ့သို့ အခြေခံပညာအဆင့်များမှ ကျောင်းထွက်သွားကြသူ လူများစုတို့ကို အသိပညာ၊ ဗဟုသုတများ တိုးပွားမြင့်မားလာအောင် ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ စာပေတတ်မြောက်မှုမရှိခြင်း၊ ပညာရည်နိမ့်ပါးခြင်းတို့ကို ကုစားပေးနိုင်မှသာ လူတစ်ဦးချင်းစီ၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံအတွက်လည်း ဝန်ထုပ်ဝန်ပိုးလျော့ပါးနိုင်မည်ဖြစ်သည်။
ပြည်သူများ အသိပညာဗဟုသုတတိုးတက်စေရေးဆောင်ရွက်ရာတွင် လူတိုင်းစာတတ်မြောက်ရေး ဆောင်ရွက်လျက်ရှိသကဲ့သို့ စာတတ်သူတိုင်းစာဖတ်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။ မိမိတို့နိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀၊ မြို့ပေါင်း ၄၇၁ မြို့ရှိရာ စုစုပေါင်း ၈၀၁ မြို့ရှိသည်။ ရပ်ကွက်ပေါင်း ၃၄၈၅ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၂၃၉၁၀၊ ကျေးရွာပေါင်း ၆၃၂၁၀ ရှိသည်။ စာကြည့်တိုက်များအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခရိုင်နှင့် မြို့နယ်အဆင့်များတွင် ပြည်သူ့စာကြည့်တိုက် ၄၁၀ ကို ဖွင့်လှစ်ပေးထားသည်။ ထို့ပြင် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းထောက်ပံ့မှုနှင့် ဖွင့်လှစ်ထားသည့် စာကြည့်တိုက်များ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ရပ်ရွာပြည်သူလူထုအစီအစဉ်ဖြင့် ဖွင့်လှစ်ထားသည့် စာကြည့်တိုက်ပေါင်း ၃၅၀၀ ကျော်ရှိသည်။
ထိုမျှမကသေး စာဖတ်သူများရှိရာ အရောက်သွားသည့် စာကြည့်တိုက် (Mobile Library)များ၊ စာပေစကားဝိုင်းများ၊ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲများ စသည့်လှုပ်ရှားမှုများဖြင့် စာပေဖတ်ရှုလေ့လာမှုများ တိုးပွားများပြားလာအောင် ဆောင်ရွက်မှုများကိုလည်း ပြုလုပ်ပေးလျက်ရှိသည်။ သို့ရာတွင် လူငယ်လူရွယ်များနှင့် ပြည်သူလူထု၏ စာကြည့်တိုက်အသုံးချမှုမှာ နည်းပါးနေဆဲဖြစ်သည်။ နိုင်ငံတော်အဆင့် တခမ်းတနားဖွင့်လှစ်ထားသည့် အမျိုးသားစာကြည့်တိုက်ကြီးမှသည် ရပ်ကွက်၊ ကျေးရွာအဆင့် စာကြည့်တိုက်များအထိ စာငှားသူ၊ စာဖတ်သူနည်းပါးခြင်းက စာကြည့်တိုက်များ၏ တည်ရှိမှု၊တိုးတက်မှု၊ ရေရှည်တည်တံ့မှုတို့အပေါ် ထိခိုက်စေနိုင်သည်။ စာဖတ်သူ၊ စာအုပ်ငှားသူများ ဝင်ထွက်သွားလာစည်ကားနေခြင်းသည် စာကြည့်တိုက်တစ်ခု၏ ဂုဏ်ကျက်သရေပင်ဖြစ်သည့်အလျောက် မိမိတို့၏စာကြည့်တိုက် ဂုဏ်ကျက်သရေတိုးပွားရေးအတွက် စာကြည့်တိုက်ကြီးကြပ်သူများ၊ စာကြည့်တိုက်တာဝန်ခံများ၊ စာကြည့်တိုက်ဝန်ထမ်းများက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ကြရမည်လည်း ဖြစ်သည်။
အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသည့် ကမ္ဘာကြီးတွင် နောက်ကျကျန်ရစ်မနေရေးအတွက် တစ်မျိုးသားလုံး ပညာရည်မြင့်မားရန်လိုသည်။ အမျိုးသားပညာရည်မြှင့်တင်ခြင်းနှင့်အတူ ဗဟုသုတပြည့်ဝကြစေရန်အတွက် စာကြည့်တိုက်များကို နိုင်ငံတစ်ဝန်းဖွင့်လှစ်ပေးထားသကဲ့သို့ ဆက်လက်၍လည်း တည်ဆောက်မှုများ ပြုလုပ်ပေးလျက်ရှိသည်။ စာကြည့်တိုက်များ မိမိတို့နှင့် လက်လှမ်းမီရာသို့ ရောက်လာသည့်တိုင် စိတ်မဝင်စားကြလျှင်၊ စာမဖတ်ကြလျှင် မိမိတို့၏ဦးနှောက်နှင့် စိတ်နှလုံးအာဟာရတို့ ဖြည့်တင်းရန် အခွင့်အလမ်းနှင့် လွဲချော်ကြမည်ဖြစ်ရာ ပညာပြည့်ဝနှလုံးလှရေးအတွက် စာကြည့်တိုက်များသို့ အရောက်သွားကာ စာကောင်းပေမွန်များ ဖတ်ရှုကြရပါမည့်အကြောင်း။ ။