Skip to main content

နိုင်ငံသားတိုင်း နိုင်ငံတော်အတွက် သမိုင်းပေးတာဝန်ထမ်းဆောင်

နိုင်ငံတော်ကာကွယ်ရေးတာဝန်သည် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် နိုင်ငံသားတိုင်း ယောက်ျား၊ မိန်းမ အသက်အရွယ်မရွေး ထမ်းရွက်ကြရမည့် မွေးရာပါသမိုင်းပေးတာဝန်ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရာ၌ အမျိုးသမီးစစ်မှုထမ်းများ ပါဝင်ထမ်းရွက်နိုင်စေရန်အတွက် အမျိုးသမီးစစ်မှုထမ်း(အရာရှိ)များအား လေ့ကျင့်သင်ကြားမွေးထုတ်ပေးရန် ရည်ရွယ်ချက်ဖြင့် အမျိုးသမီးဗိုလ်လောင်းသင်တန်းကို ၂၀၁၄ ခုနှစ်မှစတင်၍ ဖွင့်လှစ်မွေးထုတ်ပေးခဲ့ရာ ယခုအခါသင်တန်းအမှတ်စဉ်(၁၁)သို့ ရောက်ရှိပြီဖြစ်သည်။

မြန်မာ့သမိုင်းကြောင်းတစ်လျှောက်တွင် အမျိုးသမီးများသည် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ အမျိုးသားရေးသမိုင်း၊ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းစဉ်အဆက်ဆက်တွင် အမျိုးသားများနှင့် ရင်ပေါင်တန်းပြီး စွန့််လွှတ်အနစ်နာခံမှု၊ ရဲဝံ့စွန့််စားမှုများဖြင့် ပါဝင်ခဲ့ကြသည်ကိုတွေ့ရသည်။ မျက်မှောက်ကာလတွင် ပြည်ထောင်စုတစ်ဝန်းလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြရာတွင်လည်း ပြည်ထောင်စုဖွားတိုင်းရင်းသား မြန်မာအမျိုးသမီးထုစွမ်းအားကြီးကို တွေ့မြင်ရမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရာတွင်လည်း တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် လက်ရုံးဝန်ထမ်းတပ်ဖွဲ့အသီးသီးတွင်လည်း အမျိုးသမီးများပါဝင်ထမ်းဆောင်နေကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

အမျိုးသမီးစစ်မှုထမ်းများကို စဉ်ဆက်မပြတ်မွေးထုတ်ပေးလျက်ရှိသောကြောင့် သက်ဆိုင်ရာတပ်ဖွဲ့အသီးသီး၏ တာဝန်များအပြင် ကြမ်းတမ်းခက်ခဲလှသည့် အထူးတာဝန်တပ်ဖွဲ့(အမျိုးသမီး)တာဝန်များ၊ မိုင်ထောင်ချီဝေးကွာသည့် ပင်လယ်သမုဒ္ဒရာများကို စစ်ရေယာဉ်များဖြင့်ဖြတ်ကျော်ပြီး ပြည်ပနိုင်ငံများနှင့် ချစ်ကြည်ရေးခရီးစဉ်များ၊ ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်ပူးတွဲလေ့ကျင့်ခန်းများ၊ အမျိုးသမီးလေသူရဲပျံသန်းရေးတာဝန်များနှင့် လေထီးစစ်သမီးတာဝန်များကို ရဲဝံ့ပြောင်မြောက်စွာထမ်းဆောင်နေကြသည်ကို မြန်မာအမျိုးသမီးထုကြီးကိုယ်စား လေးစားဂုဏ်ယူဖွယ် တွေ့မြင်နေကြရသည်။

ထို့ပြင် အာဆီယံနိုင်ငံများ၏ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းလေ့ကျင့်ခန်းများတွင်လည်း တပ်မတော်အမျိုးသမီးစစ်မှုထမ်းများသည် နိုင်ငံတကာတပ်ဖွဲ့ဝင်များနှင့်အတူ ရင်ပေါင်တန်းပြီး စွမ်းဆောင်ရည်များပြသနိုင်ခဲ့သည်ကို မြင်တွေ့ကြရသည်။ မကြာသေးမီကာလက ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့သည့် (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင်လည်း အမျိုးသမီးအရာရှိ/စစ်သည်များသည် ရွှေတံဆိပ် ငါးခု၊ ငွေတံဆိပ်လေးခု၊ ကြေးတံဆိပ်ခုနစ်ခုတို့ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်အတွက် မြှင့်တင်နိုင်ခဲ့သည်ကို မြင်တွေ့ရခြင်းအားဖြင့် မြန်မာအမျိုးသမီးစစ်မှုထမ်းများ၏ ကိုယ်ရည်ကိုယ်သွေးနှင့် စွမ်းဆောင်ရည်မနိမ့်ကျခြင်းကို လက်တွေ့ပြသနိုင်ခဲ့သည်။

“မည်သည့်အဖွဲ့အစည်းတွင်မဆို ခေါင်းဆောင်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် မိမိတို့အဖွဲ့အစည်းမှ အားကိုးရသည့် ခေါင်းဆောင်ကောင်းများဖြစ်စေရန်နှင့် မိမိတို့၏အရည်အသွေးကို အစဉ်တိုးတက်စေအောင် အမြဲကြိုးစားနေရမည်ဖြစ်ကြောင်း၊ မှန်ကန်သည့် ခေါင်းဆောင်မှုပေးနိုင်ရေးအတွက် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသည့် အသိပညာ၊ အတတ်ပညာများကို ကိုယ်တိုင်တတ်မြောက် ပြည့်စုံနေရမည်ဖြစ်သကဲ့သို့ တည်ကြည်ရိုးသားမှုနှင့် တော်တည့်ဖြောင့်မတ်သည့် ကိုယ်ကျင့်တရား မြင့်မားနေရန်လည်းလိုကြောင်း။ ရဲရင့်ပြတ်သားသည့် ဆုံးဖြတ်ချက်၊ တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့်အတူ လက်အောက်ငယ်သားများအပေါ် အဂတိကင်းကင်းဖြင့် မှန်ကန်ကောင်းမွန်အောင် ကွပ်ကဲသွားပြီး မိမိဦးဆောင်သည့်အဖွဲ့အစည်းကို ပိုမိုကောင်းမွန်အောင် ကြိုးပမ်းတည်ဆောက်သွားကြရန်” နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားထားသည်။

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များအပြင် သမိုင်းကပေးအပ်လာသည့် အမျိုးသားနိုင်ငံရေးတာဝန်များကိုပါ အောင်မြင်စွာထမ်းရွက်နိုင်ရေးအတွက် တပ်တွင်း၊ တပ်ပြင်စည်းလုံးညီညွတ်ရေးကို ခိုင်မာစွာတည်ဆောက်လျက်ရှိသည်။ “ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံးမည်” ဟူသည့် ဆောင်ပုဒ်အတိုင်း စုစည်းညီညွတ်ကြရန် အထူးလိုအပ်သည်။ “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး”ဟူသည့် ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ပန်ဆင်ပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးတို့အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အလေးထားကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ တပ်မတော်အမျိုးသမီးစစ်မှုထမ်းများ၏ ကောင်းမွန်သည့် သမိုင်းအစဉ်အလာများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားခြင်းအပြင် နိုင်ငံသားအားလုံးသည် နိုင်ငံတော်အတွက် နိုင်ငံတော်ကာကွယ်ရေးတာဝန်များအပါအဝင် သမိုင်းပေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး ပိုမိုကောင်းမွန်သည့် သမိုင်းမှတ်တိုင်များကို စိုက်ထူနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လေးစားစွာတိုက်တွန်းအပ်ပါကြောင်း။ ။