Skip to main content

တရားမအမှုလိုက် (လက်တွေ့) သင်တန်းဖွင့်ပွဲ ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂၃

တရားမအမှုလိုက်(လက်တွေ့) ဘာသာရပ်သင်တန်းဖွင့်ပွဲနှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ရုံး မြေညီထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဥပဒေရေးရာဝန်ကြီးဌာနနှင့် ဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်တွင်ရှိသော ဥပဒေအရာရှိများသည် နိုင်ငံတော်က တရားလို သို့မဟုတ် တရားပြိုင်အဖြစ် ပါဝင်သော တရားမမှုများတွင် ဥပဒေအကြံဉာဏ်ပေးခြင်းနှင့် နိုင်ငံတော်ဘက်မှ လိုက်ပါဆောင်ရွက်ခြင်းတို့ကိုပြုလုပ်ရန် တာဝန်ရှိကြောင်း၊ တရားမမှုများသည် သဘောသဘာဝအရ အမှားမခံနိုင်သည့်အပြင် နိုင်ငံတော်ပိုင်ငွေကြေး၊ ပစ္စည်းများဆုံးရှုံးမှု မရှိစေရေးအတွက်အရေးကြီး၍ ဥပဒေအရာရှိများအနေဖြင့် ဥပဒေနှင့်အညီ မှန်ကန်စွာအကြံပြုနိုင်ရေး၊ လိုက်ပါဆောင်ရွက်နိုင်ရေးအတွက်ရည်ရွယ်၍ ယနေ့ သင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဤသင်တန်းကပို့ချပေးသော သင်ခန်းစာများကို ကြိုးစားလေ့လာသင်ယူကြရန် တိုက်တွန်းပြောကြား လိုကြောင်း။

ယနေ့ကာလ အခြေအနေအရပ်ရပ်အရ ဥပဒေအသိပညာ ပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရန် လိုအပ်သည့်အတွက် လမ်းညွှန်ချက်နှင့်အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေအကြံပြုခြင်းနှင့် တရားစွဲအမှုလိုက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် ပြည်ထောင်စုရှေ့နေချုပ် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်ဖြူမာဝေနှင့် ခရိုင်ဥပဒေအရာရှိ၊ မြို့နယ်ဥပဒေ အရာရှိများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။

ယနေ့ဖွင့်လှစ်သည့် တရားမအမှုလိုက် (လက်တွေ့) ဘာသာရပ်သင်တန်းကို ရက်သတ္တတစ်ပတ်လျှင်နှစ်ရက်ဖြင့် နှစ်လကြာဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသို့ တိုင်းဒေသကြီးဥပဒေချုပ်ရုံးရှိ ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများနှင့် ဒုတိယခရိုင် ဥပဒေအရာရှိများ တက်ရောက်ကြသည်။

 သတင်းစဉ်