Skip to main content

(၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သော အားကစားသမား ရဲထွန်းနောင်နှင့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ် Logo, Mascot နှင့် တေးရေး/တေးဆို ပညာရှင်များဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၂၃

(၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သော အားကစားသမား ရဲထွန်းနောင်နှင့် ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်အထိမ်းအမှတ် Logo, Mascot နှင့် တေးရေး/တေးဆို ပညာရှင်များ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားရုံ(C)ရုံ၌ ကျင်းပသည်။

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် မော်လ်ဒိုက်နိုင်ငံ၌ ကျင်းပခဲ့သည့်(၁၅)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ အမျိုးသားကာယဗလ ၇၅ ကီလို တန်းပြိုင်ပွဲတွင် ၄၁ နိုင်ငံ ပါဝင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံမှ ရဲထွန်းနောင်သည် ထိုက်ထိုက်တန်တန်ဖြင့် ရွှေတံဆိပ်ဆုကို ဆွတ်ခူးရယူပေးနိုင်ခဲ့သည့်အပြင် အခြားနိုင်ငံတကာ ပြိုင်ပွဲများတွင်လည်း ဆုတံဆိပ်များစွာကို နိုင်ငံတော်အတွက် ဆွတ်ခူးရယူပေးနိုင်ခဲ့သည့်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ယနေ့အခမ်းအနားတွင် နိုင်ငံတော်အကြီးအကဲများကိုယ်စား ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်၍ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင်လည်း အလားတူအောင်မြင်မှုများရရှိအောင် ဆက်လက်ကြိုးစားသွားကြရန် အထူးတိုက်တွန်း မှာကြားလိုကြောင်း၊ မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်အထိမ်းအမှတ် Logo ရွေးချယ်နိုင်ရေးအတွက် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူ ၃၁ ဦး တို့၏ ပြိုင်ပွဲဝင် Logo ၆၈ ပုံကို အဆင့်ဆင့် စိစစ်ရွေးချယ်ခဲ့ကြခြင်းဖြစ်ပြီး အထိမ်းအမှတ် Logo ဆုရရှိခဲ့သူ၊ Mascot နှင့် တေးရေး/တေးဆို ပညာရှင်များကိုလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း။

နိုင်ငံ့ ဂုဏ်ဆောင်နိုင်ပြီး အောင်မြင်မှုဆုတံဆိပ်ရရှိခဲ့ကြသူများကိုလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ပေးခြင်းများသာမက အသက်(၆၀)ပြည့်မြောက်ချိန်မှစ၍ သက်ရှိထင်ရှားရှိနေသမျှ ကာလပတ်လုံး လစဉ်ထောက်ပံ့ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အားကစားတိုးတက်မြင့်မားရေးအတွက် နိုင်ငံတော်မှ အစွမ်းကုန်ဆောင်ရွက်ပေးလျက်ရှိသလို အားကစားဖြင့် နိုင်ငံ့ဂုဏ်မြှင့်တင်နိုင်ရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပြည်သူတစ်ရပ်လုံး အားကစားကို စိတ်ပါဝင်စားလာစေရေးအတွက် ဝိုင်းဝန်းစည်းရုံးဆောင်ရွက်ပေးသွားရန် တိုက်တွန်း ပြောကြားသည်။

ဆက်လက်၍ (၁၅) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် အားကစားသမား ရဲထွန်းနောင်အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့် ငွေကျပ်သိန်း ၃၀၀၊ ပဉ္စမအကြိမ် အမျိုးသားအားကစား ပွဲတော်အထိမ်းအမှတ် Logo ပြိုင်ပွဲ တွင်ဆုရရှိသည့် ဦးစိုးသီဟကျော်အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့် ငွေကျပ် ၂၅ သိန်းနှင့် Mascot ရေးဆွဲသူ ဦးသန်းဇော်ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့် ငွေကျပ်သိန်း ၂၀ တို့ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း၊ တေးသီချင်းရေးသားသူ ဦးသန်းလင်းဇော် ခေါ်(ဇေလင်းနိုင်တေးရေး KZO)အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့် ငွေကျပ်သိန်း ၂၀ ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လည်းကောင်း၊ တေးသီချင်းသီဆိုသူ မဇွန်မိုးစက်လင်းတေးဆို (မိုးစက်လင်း)အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၂၀ ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းကလည်းကောင်း ပေးအပ်ချီးမြှင့်ကြရာ ဂုဏ်ပြုဆုရရှိခဲ့ကြသူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်