Skip to main content

ကရင်အမျိုးသားပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် စက်တင်ဘာ ၂၅ 

ကရင်အမျိုးသားပါတီ တွဲဖက်အတွင်းရေးမှူး -၁ မန်းမြင့်စိုး (ခ) မန်းမင်းရဲထွေးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၅ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြော တင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

လေးစားအပ်တဲ့ တိုင်းရင်းသား မိဘပြည်သူအပေါင်းတို့ခင်ဗျာ -

အားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေကြောင်း ဦးစွာပထမဂါရဝပြုအပ်ပါတယ်။

ကျွန်တော်ကတော့ ကရင်အမျိုးသားပါတီရဲ့ တွဲဖက်အတွင်းရေးမှူး(၁) မန်းမြင့်စိုး(ခ)မန်းမင်းရဲထွေး ဖြစ်ပါတယ်။ ကျွန်တော်တို့ ကရင်အမျိုးသားပါတီရဲ့ ရည်ရွယ်ချက်များကတော့ -

(၁) ကရင်ပြည်သူလူထုရဲ့ ဆန္ဒများကို ဒီမိုကရေစီ နည်းဖြင့် ဖော်ထုတ်ပြသနိုင်ဖို့၊

(၂) တိုင်းရင်းသားအားလုံးရဲ့ ဘဝလုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ တရားဥပဒေစိုးမိုးရေး ရရှိဖို့

(၃) တိုင်းရင်းသားလူမျိုးများအားလုံး တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိဖို့၊

(၄) ကရင်အမျိုးသားထုတစ်ရပ်လုံးကို လွှမ်းခြုံကိုယ်စားပြုတဲ့ အမျိုးသားစည်းလုံးညီညွတ်မှုကို တည် ဆောက်ဖို့

(၅) တိုင်းရင်းသားများမျှော်လင့်တောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံပေါ်ထွန်းဖို့ စတာတွေပဲ ဖြစ်ပါတယ်။

လေးစားအပ်တဲ့ တိုင်းရင်းသားမိဘပြည်သူများခင်ဗျာ၊

၁၉၄၇ ခုနှစ် ဇွန်လ(၁၆)ရက်နေ့ တိုင်းပြုပြည်ပြုလွှတ်တော် ပထမညီလာခံ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာမှာ အခြေခံမူလေးချက်ကို ချမှတ်ခဲ့ပါတယ်။

အဲဒါတွေကတော့

(၁) လွတ်လပ်တဲ့နိုင်ငံ၊

(၂) အချုပ်အခြာအာဏာပိုင်နိုင်ငံ၊

(၃) ဒီမိုကရေစီနိုင်ငံ၊

(၄) ပြည်ထောင်စုနိုင်ငံတို့ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ ပြည်ထောင်စုစနစ်ကနေသွေဖည်ပြီး တစ်ပြည်ထောင်စနစ်ကို ရောက်သွားခဲ့ပါတယ်။

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အကျပ်အတည်း (Constitutional crisis) ကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးမပြေလည်မှုတွေကို အဲဒီအချိန်က ဖဆပလအစိုးရက စစ်ရေးနည်းနဲ့ ဖြေရှင်းခဲ့လို့ဖြစ်ပေါ်လာခဲ့တဲ့ ပြည်တွင်းစစ်ဟာလည်း ဒီကနေ့ဆိုရင် ရာစုနှစ်တစ်ခုအတွင်း ဝင်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။

ပြည်တွင်းစစ်ကြောင့် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးခြင်း၊ တိုင်းပြည်ဓနအင်အားဆုံးရှုံးခြင်း၊ အရှေ့ တောင်အာရှမှာ ချမ်းသာတဲ့နိုင်ငံဘဝကနေပြီး ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ LDC ဘဝရောက်ခဲ့ရတဲ့အပြင် မှန်းဆမရနိုင်တဲ့ကာလအထိ ပြန်လည်ကုစားရမယ့် တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုပျက်ပြားခဲ့တဲ့ စိတ်ပိုင်းဆိုင်ရာ ယိုယွင်းခဲ့ရတာတွေဟာ အဆိုးရွားဆုံး သက်ရောက်မှုများ ဖြစ်ခဲ့ပါတယ်။

လေးစားအပ်ပါသော တိုင်းရင်းသား မိဘပြည်သူများခင်ဗျာ -

လွတ်လပ်ရေးရပြီး(၁၄)နှစ်အကြာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၁) အခြေခံဥပဒေပြင်ဆင်ပိုင်ခွင့်အရ ၁၉၆၂ ခုနှစ် မတ်လ(၁)ရက်နေ့ နှီးနှောဖလှယ်ပွဲမှာ ပြည်နယ်များ ညီညွတ်ရေးအဖွဲ့က အခြေခံဥပဒေကို ပြည်ထောင်စုစစ်စစ်ဖြစ်တဲ့ (Federal) မူနဲ့ ပြင်ဆင်သင့်ကြောင်း တင်ပြခဲ့ပါတယ်။

အတိုက်အခံပါတီများဘက်က တည်မြဲဖဆပလခေါင်းဆောင် ဦးဗဆွေက တစ်ပြည်ထောင်စနစ်သာ သင့်တော်ကြောင်း၊ ပမညတခေါင်းဆောင် ဝိဓူရသခင်ချစ်မောင်က ဆိုရှယ်လစ်စီးပွားရေးစနစ် တည်ထောင်ခြင်းဖြင့် တိုင်းရင်းသားအားလုံး လူနေမှုဘဝမြင့်မားလာမှာဖြစ်ကြောင်း (Federal) ပြည်ထောင်စုမူကို ကန့်ကွက်ခဲ့ကြပါတယ်။

အဲဒီလို (Federal seminar) မှာ ဆွေးနွေးနေကြချိန် ပြည်တွင်းသတင်းစာ (၃)စောင်ဖြစ်တဲ့ ဗမာ့ခေတ်သတင်းစာ၊ အထောက်တော်သတင်းစာနဲ့ နေးရှင်းသတင်းစာတွေဟာ တိုင်းရင်းသားများ ပြည်ထောင်စုကနေ ခွဲထွက်တော့မှာဖြစ်ကြောင်း မမှန်သတင်းရေးသား ထုတ်ဝေခဲ့ကြပါတယ်။

အဲဒီမမှန်သတင်းကို တိုင်းရင်းသားခေါင်းဆောင်များဖြစ်ကြတဲ့ စဝ်ခွန်ချိုနဲ့ စဝ်ဝဏ္ဏတို့က ဝန်ကြီးချုပ် ဦးနုကို ၁၉၄၉ ခုနှစ် တပ်မတော်အင်အား တပ်ရင်းတစ်ရင်းခွဲသာကျန်ရှိပြီး ရန်ကုန်အစိုးရလို့တောင် အခေါ်ခံရတဲ့အချိန်က ကချင်၊ ကယား၊ ချင်း၊ ရှမ်းတို့ရဲ့ စစ်တပ်အင်အားနဲ့ ပြည်ထောင်စုကို ကာကွယ်ခဲ့ကြောင်း၊ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၀)မှာ ခွဲထွက်ခွင့်ကို ဆန္ဒမရှိဘဲ ပြည်ထောင်စုရဲ့ ရေရှည်အကျိုးကိုကြည့်ပြီး (Federal) ပြည်ထောင်စုမူကို တင်ပြခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

လေးစားအပ်တဲ့ တိုင်းရင်းသားမိဘပြည်သူအပေါင်းတို့ခင်ဗျာ -

မြန်မာ့နိုင်ငံရေးရဲ့ အဓိကပြဿနာဟာ

(၁) အမျိုးသားပြည်နယ်များနဲ့ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေး၊

(၂) ပြည်တွင်းစစ်ကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးတို့ပဲ ဖြစ်ပါတယ်။

ကမ္ဘာမှာရှိတဲ့ နိုင်ငံများကိုကြည့်ရင် လူမျိုးစုံနေထိုင်ကြတဲ့နိုင်ငံ Multi Nation State တွေမှာ လူမျိုးတစ်မျိုးနဲ့တစ်မျိုး လွှမ်းမိုးရင် နိုင်ငံတည်ငြိမ်မှု ကင်းမဲ့ပြီး နိုင်ငံပြိုကွဲတဲ့အထိ ဖြစ်တတ်ပါတယ်။

ဥပမာအားဖြင့်

(၁) ချက်ကိုစလိုဗက်ကီးယားနိုင်ငံကနေချက်နဲ့ စလိုဗက်နိုင်ငံ

(၂) ယူဂိုစလားဗီးယားနိုင်ငံကနေ ခရိုအေးရှားနဲ့ စလိုဗေးနီးယားနိုင်ငံ

(၃) ဆိုဗီယက်နိုင်ငံပြိုကွဲခြင်း စတာတို့ ဖြစ်ကြပါတယ်။

စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုများဖြစ်ကြတဲ့

(၁) ဆွစ်ဇာလန်နိုင်ငံ

(၂) သြစတြေးလျနိုင်ငံ

(၃) အမေရိကန်ပြည်ထောင်စုတို့ဟာ နိုင်ငံတည်ငြိမ်တိုးတက်ဖွံ့ဖြိုး နေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။

အချုပ်အခြာအာဏာ ပြိုကွဲကြတဲ့နိုင်ငံများကို ကြည့်ရင်

(၁) အာဏာရှင်နိုင်ငံဖြစ်ခြင်း

(၂) အမည်ခံ ပြည်ထောင်စုဖြစ်ခြင်း

(၃) ပြည်ထောင်စုနဲ့ ပြည်နယ်အာဏာခွဲဝေမှု (Division of Power) မမျှတခြင်းကြောင့် တွေ့ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ လူမျိုးစုံနေထိုင်ကြတဲ့ Multi Nation State နိုင်ငံမျိုးဖြစ်တာကြောင့် မတူညီဘဲ စုံလင်ကွဲပြားမှုဟာ ပကတိအရှိတရားအဖြစ် လက်ခံပြီး အပြန်အလှန်အကျိုးပြု စည်းလုံးမှုဖြစ်တဲ့ Unity in Diversity ဖြစ်တဲ့ ကမ္ဘာ့နိုင်ငံရေး ယဉ်ကျေးမှုတစ်ရပ်နဲ့ နေထိုင်တတ်ဖို့ လိုအပ်ပါတယ်။

စစ်မှန်တဲ့ ပြည်ထောင်စုဆိုရာမှာ စိတ်တူသဘောတူ တန်းတူညီတူ ပူးပေါင်းခြင်း Voluntary Association ဖြစ်ပါတယ်။ ပြည်ထောင်စုဆိုတာ  နဂိုအရှိတရားမဟုတ်၊ ပြည်ထောင် သို့မဟုတ် ယူနစ်များသာ ပင်ကိုအရှိတရားဖြစ်ပါတယ်။ ပြည်ထောင်များပေါင်းခြင်းကြောင့်သာ ပြည်ထောင်စုဆိုတာ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ နယ်မြေအကျဉ်းအကျယ် မသက်ဆိုင်ကြောင်း

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ်ဟာ အကျယ်ဆုံးဖြစ်ပြီး၊ ရုကျွန်းဟာ အကျဉ်းဆုံး အဆခြောက်ဆယ်ကွာခြားတယ်၊ ဆွစ်ဇာလန်နိုင်ငံမှာ ဇူးရစ်နဲ့ ဘန်းပြည်နယ်များက အကြီးဆုံးဖြစ်ပြီး ဗေးလေးနယ်ဟာ အကျဉ်းဆုံးဖြစ်တယ်၊ ရုရှားဟာအကျယ်ဆုံးဖြစ်ပြီး အက်စတိုနီးယားဟာ အငယ်ဆုံးဖြစ်တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ လူဦးရေနည်းခြင်း၊ များခြင်းနဲ့လည်း မသက်ဆိုင်ကြောင်း၊

ဆိုဗီယက် ခွဲထွက်ပြည်နယ်များမှာ  လူဦးရေ ၀.၅% - ၁.၅ %မှ ရုရှား လူဦးရေသည် ၅၀% ရှိခြင်း၊

အမေရိကန် ပြည်ထောင်စု နီဗားဒါး ပြည်နယ်ဟာ လူဦးရေ ၃ သန်းရှိပြီး ဝိုင်ယိုမင်းပြည်နယ် က ၅ သိန်းကျော် ရှိကြောင်း၊ ဒဲလားဝဲယားပြည်နယ်မှာ လူဦးရေ ၉ သိန်းကျော်ရှိကြောင်း တွေ့ရမှာ ဖြစ်ပါတယ်။

၁၉၉၈ ခုနှစ် စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့မှာ နိုင်ငံတစ်ခုအတွင်း လူမျိုးအသီးသီးရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်တဲ့ Self Determination ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ လိုက်နာရန် ပဋိညာဉ်စာတမ်းအဖြစ် ကြေညာခဲ့ပြီး ဖြစ်ပါတယ်။  

Federal စနစ်တည်ဆောက်ခြင်းကြောင့် ရရှိတဲ့အကျိုးကျေးဇူးများဟာ -

(၁) နိုင်ငံတော်အာဏာကို တစ်နေရာတည်းမှာမထားဘဲ ဒေသန္တရအုပ်ချုပ်ခွင့်ကို Self Rule ဗဟိုမှာ စုပေါင်းအုပ်ချုပ်ခြင်းကို Share Rule အဖြစ် ဗဟိုနဲ့ ဒေသန္တရအာဏာထိန်းညှိမှု Check and Balance ရှိခြင်းကြောင့် ပြည်ထောင်စုမပြိုကွဲနိုင်ခြင်း၊  

(၂) လူနည်းစုနဲ့ လူများစု အပြန်အလှန်အသိအမှတ်ပြုခြင်းကြောင့် လူမျိုးရေးပြဿနာမရှိခြင်း၊

(၃) Federal စနစ်မှာ နိုင်ငံသားတိုင်း မဲတစ်ပြားစီပိုင်ဆိုင်ခွင့်ရှိပြီး ပြည်ထောင်စု ဖွဲ့စည်းရာမှာပါဝင်တဲ့ ယူနစ်တစ်ခုစီတိုင်း ကြီးတယ်ငယ်တယ်မခွဲခြားဘဲ မဲတစ်ပြားစီသာပိုင်ဆိုင်ခြင်းဖြင့် တန်းတူညီမျှမှုကို ပေါ်လွင်စေပါတယ်။

(၄) အာဏာရှင်စနစ်ကို ဆန့်ကျင်ခြင်းကြောင့် အာဏာသိမ်းမှုကိုလည်း ကာကွယ်နိုင်ခြင်းစတာတွေ ဖြစ်ပါတယ်။

လေးစားအပ်တဲ့ တိုင်းရင်းသားမိဘပြည်သူများခင်ဗျာ -

မပြိုကွဲနိုင်တဲ့ ပြည်ထောင်စုတစ်ခုကို အတူတကွ တည်ဆောက်ကြပါစို့၊ စစ်မှန်တဲ့ ပြည်ထောင်စုကြီး အမြန်ဆုံးပေါ်ထွန်းလာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

အားလုံးကျန်းမာချမ်းသာ၍ လိုအင်ဆန္ဒ၊ ကြံစည်တာမှန်သမျှ ပြည့်ဝကြပါစေ။

ကရင်အမျိုးသားပါတီ

တေးရေး - မန်းမင်းရဲထွေး

တေးဆို - စောဂျက်

ကရင်အမျိုးသားပါတီ ကရင်အမျိုးသားအတွက်ရည်

နိုင်ငံရေးလမ်းစဉ် ရည်ရွယ်ထားလုပ်ဆောင်မည်

ကရင်အမျိုးသားပါတီ ဒီမိုကရေစီ ရှေ့ ကိုချီ

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရန် ကြိုးစားပြီး စွမ်းဆောင်မည်

ကရင်အမျိုးသားပါတီ ဖက်ဒရယ်စနစ်ရရှိရန် ရည်ရွယ်ပြီးဖွဲ့ခဲ့သည်

ပြည်ထောင်စုကြီး တန်းတူရေး

ကရင်အမျိုးသားပါတီ

တူညီအခွင့်အရေးရစေမည် ကရင်အမျိုးသားအရေးကို

ကောင်းကျိုးများ ပို့ဆောင်မည်

အမျိုးသားရေးအသိစိတ်ဓာတ်နဲ့ တွဲလက်များခိုင်ခံ့မြဲမည်

ဟိုတုန်းက ရှိခဲ့ဖူးတဲ့ ဒေါကလု ကရင်အမျိုးသား

အသင်းအဖွဲ့ကြီးလို ရပ်တည်နိုင်အောင် ဆောင်ရွက်မည်

ကရင်အမျိုးသားပါတီ

ကရင်အမျိုးသားပါတီ ကရင်လူထုနစ်နာမှုများကို

ကာကွယ်ပြီး စောင့်ရှောက်မည် ပိုင်ဆိုင်ခွင့်များရရှိရေး

ကရင်အမျိုးသားပါတီ အခြေခံမူနဲ့ လမ်းစဉ်တိုင်း

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဦးစားပေးရွက်ဆောင်မည်။