Skip to main content

CERP အစီအစဉ်အရ ဆောင်ရွက်သည့် Cash for Work စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး လုပ်သားအရေအတွက် ၂ ဒသမ ၈ သန်း အလုပ်အကိုင်နှင့် ဝင်ငွေရရှိရေးဆောင်ရွက်ပေးနိုင်ခဲ့

နေပြည်တော်၊ စက်တင်ဘာ ၂၅

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေရရှိရေး လုပ်ငန်းများထိခိုက်မှုဖြစ်ပေါ်ထိခိုက်မှုများကို ကုစားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ Covid-19 Economic Relief Plan(CERP) ကို ရေးဆွဲထုတ်ပြန်ခဲ့ပြီး အဆိုပါစီမံချက်အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက Cash for Work (ဝင်ငွေရရှိရေးအလုပ်အကိုင်ဖန်တီးပေး) စီမံကိန်းကို ဇူလိုင်လမှ စက်တင် ဘာလအထိ သုံးလတာကာလအတွင်း မြို့နယ် ၂၅၉ မြို့နယ်ရှိ ကျေးရွာပေါင်း ၂၅၀၅ ရွာတွင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ အကျိုးဆက်သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသများရှိ ပြည်သူများအား ၎င်းတို့ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ မြို့နယ် ၂၅၉ မြို့နယ်မှ ကျေးရွာပေါင်း ၂၅၀၅ ရွာအား တစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး စီမံကိန်းလုပ်ငန်းခွဲပေါင်း ၄၄၀၂ ခု လျာထားဆောင်ရွက်ခဲ့ရာ ယခုအခါ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။

Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများ၊ ကုန်ထုတ်လမ်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ ကျေးရွာတွင်း ရေနုတ်မြောင်းများ တူးဖော်ရှင်းလင်းခြင်း၊  ရေကန်များခြံစည်းရိုးကာရံခြင်း/တည်ဆောက်ပြုပြင်ခြင်း၊ ရေပိုက်လိုင်း သွယ်တန်းခြင်း၊ လက်တူးတွင်းများ၊ ရေကန်များ အသစ်တည်ဆောက်ခြင်း/ပြုပြင်ခြင်း၊ မြေသားရေကန်များ ပြုပြင်ခြင်း၊ ဆိပ်ခံတံတားများ၊ တံတားငယ်များ ပြုပြင်ထိန်းသိမ်းခြင်း၊ မြေဖို့လုပ်ငန်းများနှင့် မြေထိန်းနံရံများ ပြုပြင်တည်ဆောက်ခြင်း၊ ကျေးရွာပိုင်အားကစားကွင်းများ ပြုပြင်မွမ်းမံခြင်း၊ စာသင် ကျောင်းများ၊ ဆေးပေးခန်းများ၊ ကျေးရွာခန်းမနှင့် ကျေးရွာဈေးများ ပြုပြင်မွမ်းမံခြင်း အစရှိသည့် ကျေးရွာအခြေခံအဆောက်အုံ ဖွံ့ဖြိုးရေးလုပ်ငန်းများအား အဓိကထားဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် သိသာထင်ရှားသော အကျိုးရလဒ်များ ရရှိခဲ့သည်။

အဆိုပါ စီမံကိန်းလုပ်ငန်းခွဲများကို လုပ်သားအင်အား အသုံးပြုရသည့် (Labor Intensive) နည်းလမ်းဖြင့် ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး စီမံကိန်းလုပ်ငန်းခွဲများတွင် အိမ် ထောင်စုပေါင်း ၃ ဒသမ ၉ သိန်းခန့်မှ လုပ်သားအရေအတွက် ၂ ဒသမ ၈ သန်းခန့် ပါဝင်လုပ်ကိုင် ခွင့်ရရှိခဲ့ကာ ၎င်းတို့၏ဝင်ငွေရရှိစေရေးအတွက်လည်း များစွာအထောက်အကူ ဖြစ်စေခဲ့သည်။ စီမံကိန်း၏ ရည်မှန်း ချက်အရ ထောက်ပံ့ငွေ၏ ၆၀ ရာခိုင်နှုန်းကို လုပ်အားခပေးချေရန်လျာထားသော်လည်း မြေပြင်အမှန် ဆောင်ရွက်ရာတွင် ၇၀ ရာခိုင်နှုန်းအထိ ပေးချေဆောင်ရွက်နိုင်ခဲ့သောကြောင့် စီမံကိန်းတွင် ပါဝင်လုပ်ကိုင်သူ လုပ်သားများအတွက် ဝင်ငွေ ကျပ် ၁၇ ဘီလီယံခန့် ရရှိစေခဲ့သည်။

စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် ဖြစ်ပေါ်လာနိုင်သော အခက်အခဲများအချိန်နှင့်တစ်ပြေးညီ ဖြေရှင်းနိုင်ရန်တို့အတွက် ဝေဖန်အကြံပြုတိုင်ကြားခြင်းစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ကျား/မတန်းတူညီမျှမှုရှိစေရေးအတွက် စီမံကိန်းလုပ်ငန်းခွဲများ ဆောင်ရွက်မှု လုပ်ငန်းစဉ်အဆင့်ဆင့်တွင် အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှ ပါဝင်စေခဲ့ကာ စီမံကိန်း၏ အခွင့်အရေး၊ အကျိုးကျေးဇူးများကို မသန်စွမ်းများအပါအဝင် အများနှင့်တန်းတူ အပြည့်အဝရရှိခံစားခွင့်ရရှိစေရန် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်