Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများအနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်များ စတုတ္ထအကြိမ်ပေးအပ်

နေပြည်တော်၊ စက်တင်ဘာ ၂၅

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်မဲပေးနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးပို့လာသည့် ပုံစံ (၁၅) များကို သက်ဆိုင်ရာမြို့နယ်များက ဆန္ဒမဲပေးပိုင်ခွင့် ရှိ/မရှိ စိစစ်ပြီး သက်ဆိုင်ရာ မြန်မာသံရုံးများ၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့ ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များ အချိန်မီပေးပို့နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၈၈ ဦး အတွက် စက်တင်ဘာ ၁၈ ရက်တွင် ပထမအကြိမ်အဖြစ် လည်းကောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၀၄၂၆ ဦးအတွက် စက်တင်ဘာ ၂၃ ရက်တွင် ဒုတိယအကြိမ်အဖြစ် လည်းကောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၃၄၂၂ ဦးအတွက် စက်တင်ဘာ ၂၄ ရက်တွင် တတိယအကြိမ်အဖြစ် လည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သည်။

ဆက်လက်စိစစ်ပြီးသည့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတို့မှ သက်ဆိုင်ရာ သံရုံး ၃၇ ရုံးတွင် ကြိုတင်ဆန္ဒမဲပေးကြမည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၇၄၉၀ ဦးအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးဝင်းထံသို့ ယနေ့တွင် စတုတ္ထအကြိမ်အဖြစ် အပြီးသတ် လွှဲပြောင်းပေးအပ်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ နိုင်ငံအသီးသီးရှိ သက်ဆိုင်ရာ မြန်မာသံရုံးများ၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများ စုစုပေါင်း ၄၅ ရုံးတို့တွင် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများအနက် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတို့မှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၁၀၁၅၂၆ ဦးတို့ ဆန္ဒမဲပေးနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲ လက်မှတ်နှင့် စာအိတ်များကို လွှဲပြောင်းပေးအပ်ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်