ရန်ကုန်၊ စက်တင်ဘာ ၂၅
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် အလှူရှင် ပါမောက္ခဒေါက်တာသိန်းမြင့်သူ (သားဖွားနှင့် မီးယပ်အထူးကုဆရာဝန်ကြီး (ငြိမ်း))က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် အလှူရှင် ပါမောက္ခ ဒေါက်တာသိန်းမြင့်သူ (သားဖွားနှင့် မီးယပ်အထူးကုဆရာဝန်ကြီး (ငြိမ်း)) နှင့်ဇနီး ဒေါက်တာဒေါ်တိုးရှိန် (မျက်စိအထူးကုဆရာဝန်ကြီး(ငြိမ်း)) မိသားစုက အလှူငွေကျပ်သိန်း ၅၀ ကို ပေးအပ်လှူဒါန်းရာ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာသန်းထွန်းက လက်ခံယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးနှင့်ပတ် သက်ပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက်နေသည့်အပြင် ဧပြီ ၂၄ ရက်မှ စတင်ကာ ယနေ့အထိ လူဦးရေသုံးသောင်းကျော်ကို ကိုဗစ်၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မင်းသစ်(MNA)၊ ဓာတ်ပုံ-ဇော်မင်းလတ်