Skip to main content

နေအိမ်တွင်နေထိုင်ရင်း စိတ်ဓာတ်ခွန်အားများမြှင့်တင်

ကမ္ဘာတစ်ဝန်းဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကပ်ဆိုးကြီးက လူသားတို့အတွက် ကျန်းမာရေးဆိုးကျိုးသာမက စီးပွားရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍများကိုပါ ရိုက်ခတ်လျက်ရှိပါသည်။ နေအိမ်တွင်နေထိုင်ရေးနှင့် လှုပ်ရှားသွားလာမှုများကို ကန့်သတ်ထားမှုကြောင့် လူမှုပေါင်းစည်းမှုများ၊ လူမှုအဆက်အသွယ်များ ပြတ်တောက်ကာ မိမိတို့လူသားများ အတွက် အထီးကျန်မှုများကို ဖြစ်ပေါ်စေပါသည်။

လူအများစုသည် စားဝတ်နေရေးအတွက် နေ့စဉ်သွားလာရုန်းကန် လှုပ်ရှားနေရ၏။ ထိုသူများကို သွားလာမှုများ ကန့်သတ်လိုက်သည့်အခါ အိမ်တွင်လူပိုများဖြစ်လာကြ၏။ အချိန်များပိုလာကြ၏။ ထိုအခါ လူမှုကွန်ရက်တွင် အချိန်ဖြုန်းကြ၏။ လူ့သဘာဝအရ အံ့ဩ၊ ထိတ်လန့်၊ ကြောက်ရွံ့၊ ဝမ်းနည်း၊ ဝမ်းသာ စသည့်စိတ်ခံစားချက်များနှင့်ဆိုင်သော အကြောင်းအရာများတွင် မွေ့လျော်တတ်၏။ ထို့ကြောင့် တစ်ဦးတစ်ယောက်၏ စိတ်ခံစားချက်နှင့်ဆိုင်သော ရေးသားချက်များကို ထပ်မံဝေငှ (Share) ကြ၏။ အချက်အလက်ပြည့်စုံ၊ မှန်ကန်မှုမရှိသော သတင်း များကို မျှဝေကြ၏။ ထိုအခါ အမုန်းတရားများ ပေါ်ပေါက်လာကြ၏။ နောက်ဆက်တွဲစိတ်ဖိစီးမှုများ ဖြစ်ပေါ်လာရ၏။

စိတ်ဖိစီးမှုလက္ခဏာများအနေဖြင့် အိပ်စက်မှုပြဿနာရှိခြင်း၊ အလွန် တက်ကြွခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အစာအိမ်၊ အူလမ်းကြောင်းပြဿနာရှိခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ဒေါသထွက်ခြင်း၊ ကြောက်လန့်တုန်လှုပ်ခြင်း၊ ပူဆွေးသောက ရောက်ခြင်း၊ ဝမ်းနည်းခြင်း၊ အပြစ်ရှိသည်ဟုခံစားရခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ မှတ်ဉာဏ်ဆိုင်ရာပြဿနာရှိခြင်း၊ မကောင်းတွေးခြင်း၊ ယုံကြည်မှု ပျောက်ဆုံးခြင်း၊ ပျင်းရိခြင်း၊ အထီးကျန်ခြင်း၊ အခြားသူများကိုအပြစ်တင်ခြင်း၊ လုပ်ဆောင်နိုင်စွမ်းကျဆင်းလာခြင်းစသည်တို့ တစ်ခုမဟုတ်တစ်ခု ခံစားရခြင်းဖြစ်သည်။

ထို့ကြောင့် နေအိမ်တွင် နေထိုင်ရစဉ်ကာလအတွင်း အချိန်ကို အကျိုးရှိရှိအသုံးချသင့်၏။ နေ့စဉ်အချိန်ဇယားဆွဲ၍ အချိန်များကိုကုန်ဆုံးစေသင့်၏။ လူမှုကွန်ရက်ကိုလည်း အကျိုးရှိစွာအသုံးချသင့်ပါ၏။  သတင်းအချက်အလက်အမှားသည် လူကိုသေစေနိုင်သည်အထိ ဒုက္ခပေးနိုင်သည့်အတွက် မိမိတို့မျှဝေမည့် သတင်းအချက်အလက်သည် မှန်ကန်မှု ရှိ၊ မရှိ စိစစ်ရန်လိုအပ်ပါသည်။ ကျိုးရှိ၊ မှန်ကန်သော သတင်းအချက်အလက်များကိုသာ မျှဝေသင့်ပါသည်။ မိသားစုကိုအချိန်ပေးခြင်း၊ စာဖတ်ခြင်းတို့ဖြင့် အချိန်များကို ကုန်ဆုံးသင့်၏။ စာဖတ်ရာတွင်လည်း စိတ်ဓာတ်ခွန်အား မြင့်မားစေသော စာအုပ်၊ စာပေများကို ရွေးချယ်ဖတ်ရှုသင့်၏။

လက်ရှိရင်ဆိုင်နေရသော ကပ်ရောဂါသည် ကိုယ်ခံစွမ်းအားပေါ် မူတည်ပြီး ရောဂါပြင်းထန်မှု၊ မပြင်းထန်မှုကို ဖြစ်စေသည့်အတွက် အစားအသောက်ကို အာဟာရပြည့်ဝစွာစားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှား  လေ့ကျင့်ခန်းလုပ်ခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း စသည်ဖြင့် ကိုယ်ခံစွမ်းအား ကောင်းစေရန် ပြုမူနေထိုင်ရမည်လည်း ဖြစ်ပါ၏။

ကပ်ရောဂါဘေးသည် မည်မျှအချိန်ကြာမည်၊ မည်သည့်အချိန်တွင် ကင်းစင်သွားမည်ကို မည်သူမျှမပြောနိုင်၊ စည်းကမ်းလမ်းညွှန်ချက်များ အတိုင်းနေထိုင်ပါက တဖြည်းဖြည်းကူးစက်မှုများ လျော့ပါးလာမည်မှန်သော်လည်း ကာကွယ်ဆေးများမပေါ်သေးမီကာလအထိ ရောဂါပိုးနှင့်  အတူယှဉ်တွဲနေထိုင်ရမည်သာဖြစ်သည်။ ထို့ကြောင့် မိမိတို့နေအိမ်တွင်  နေထိုင်စဉ်ကာလအတွင်း အိမ်မှုအလုပ်ကိစ္စများကို ခွဲဝေတာဝန်ယူခြင်း၊ မိမိအိမ်အတွက်၊ မိသားစုအတွက် အကျိုးရှိမည့်အလုပ်ကိစ္စများကိုသာ ဆွေးနွေးပြောဆိုခြင်းဖြင့် အချိန်ကိုအကျိုးရှိရှိ အသုံးချသင့်ပါသည်။

စက်တင်ဘာ ၂၄ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်တွင် ကာကွယ်ထိန်းချုပ်မှုများ ထိရောက်စွာဆောင်ရွက်နိုင်ရန် စည်းကမ်းများ တင်းကျပ်ထားသည်။ ပြည်သူများနေအိမ်တွင် နေထိုင်စဉ် ကာလအတွင်း စားဝတ်နေရေးအဆင်ပြေစေရန် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ကူညီနိုင်ရေး စီမံဆောင်ရွက်နေသည်။ ပြည်သူများအနေဖြင့် စိတ်ဓာတ်ခွန်အားများကို မြှင့်တင်ကာ ကပ်ရောဂါဆိုးကြီးအား ကြံ့ကြံ့ခံတွန်း လှန်တိုက်ထုတ်ရမည်သာ ဖြစ်ပါကြောင်း။    ။