နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် အမျိုးသားတို့၏ မျိုးချစ်စိတ်ဓာတ်ထက်သန်မှု၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိမှု၊ စည်းလုံးညီညွတ်မှု၊ အမျိုးသားရေးစိတ်နှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ တည်ငြိမ်အေးချမ်းမှုကို ထုတ်ဖော်ပြသနိုင်သည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကြီးကို ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ခမ်းနားထည်ဝါအောင်မြင်စွာဖြင့် ကျင်းပနိုင်ခဲ့ပြီဖြစ်သည်။
အမျိုးသားအားကစားပွဲတော်ကြီးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းဖြင့် “နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် အခြားနိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အောင်မြင်မှုရရှိစေရေး၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမားများနှင့် အလားအလာရှိသည့် လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ ဝန်ကြီးဌာနများအကြား အချင်းချင်းချစ်ကြည်ရင်းနှီးမှုရရှိပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာစေရေးနှင့် ပြည်သူတစ်ရပ်လုံးအားကစားကို ပိုမိုစိတ်ဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လှုပ်ရှားလာစေရေး” ရည်ရွယ်ချက်များကို အကောင်အထည်ဖော်အထောက်အကူပြုနိုင်ခဲ့ပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် အမျိုးသားအားကစားပွဲတော်များကို ၁၉၉၂ ခုနှစ်၊ ၁၉၉၄ ခုနှစ်၊ ၁၉၉၇ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် လေးကြိမ်ကျင်းပပေးခဲ့ပြီးဖြစ်သည်။ ခေတ်အဆက်ဆက်တွင် တိုင်းရင်းသားညီအစ်ကိုမောင်နှမ လက်ရွေးစင်အားကစားသမားများသည် ယခုကဲ့သို့ ပြည်တွင်းအားကစားပြိုင်ပွဲများတွင်သာမက နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ပေါင်းများစွာ ဆွတ်ခူးခဲ့ကြပြီးဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို တိုင်ထိပ်တွင်လွှင့်ထူပြီး ဂုဏ်ယူခဲ့ကြပြီးဖြစ်သည်။ မြန်မာနိုင်ငံတော်အလံကို တိုင်ထိပ်အရောက်လွှင့်ထူနိုင်ခဲ့ကြသည့် အားကစားအောင်မြင်မှုများသည် နိုင်ငံသူ နိုင်ငံသားများအားလုံးကို ခွန်အားများ တက်စေပြီး နိုင်ငံ့ဂုဏ်သိက္ခာမြင့်မားထည်ဝါမှုကို မြှင့်တင်ပေးခြင်းဖြစ်သည့်အတွက် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးတွင် နိုင်ငံသားအားလုံး ယခုထက် ပိုမိုတက်ကြွစွာ ပါဝင်ကြရမည်ဖြစ်သည်။
အားကစားနှင့်ပတ်သက်သည့် ခံယူချက်များတွင် “အားကစားမြှင့်တင်တည်ဆောက်ခြင်းသည် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်” ဟူသည့် ခံယူချက်သည် အမြင့်မားဆုံးဖြစ်၍ အားကစားပြိုင်ပွဲများမှ ရရှိလာသော စိတ်ဓာတ်ခွန်အားများဖြင့် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။ လူတိုင်းလူတိုင်းဘဝတွင် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ကြသည့်အခါတွင် အနိုင်မခံအရှုံးမပေးသည့်စိတ်ဓာတ်၊ မိမိကိုယ်မိမိယုံကြည်ရဲရင့်သည့်စိတ်ဓာတ်နှင့် ရင်ဆိုင်ကျော်လွှားနိုင်သည့် စိတ်ဓာတ်များအား အားကစားပြိုင်ပွဲမှ ရရှိခဲ့ကြသည်ကို လက်တွေ့ကြုံတွေ့ကြရပြီဖြစ်၍ အဆိုပါစိတ်များဖြင့် မိမိအကျိုး၊ နိုင်ငံတော်အကျိုးအတွက် ရဲဝံ့စွန့်စားစွာ ဆက်လက်မွေးမြူဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ထူးချွန်အားကစားသမားများ ပေါ်ထွက်လာရေးအတွက် လူထုအားကစားအဆင့်မှ အမျိုးသားအားကစားအဆင့်အထိ အဆင့်ဆင့် အကောင်အထည်ဖော်လျက်ရှိသောကြောင့် ကျောင်းသားလူငယ်များ၊ မသန်စွမ်းသူများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးပါဝင်ဆောင်ရွက်ကြရန် လိုအပ်သည်။ ယနေ့အချိန်တွင် အားကစားကဏ္ဍကို စဉ်ဆက်မပြတ် မြှင့်တင်အားပေးဆောင်ရွက်နေသောကြောင့် နိုင်ငံတော်၏ အားကစားအဆင့်အတန်းသည် ပြန်လည်ဦးမော့လာပြီဖြစ်သကဲ့သို့ အောင်မြင်တိုးတက်မှုများလည်း အထိုက်အလျောက်ရရှိနေပြီဖြစ်သည်။ ထိုအောင်မြင်မှုများကို ကျေနပ်နေ၍မရဘဲ ယခုထက် ပိုမိုတိုးတက်အောင်မြင်အောင်၊ အတိတ်ကအားကစားကဏ္ဍတွင်ရွှေရောင်လွှမ်းခဲ့သလို အောင်မြင်မှုများရရှိအောင်၊ နိုင်ငံတကာအလယ်တွင် မြင့်မြင့်မားမားရပ်တည်နိုင်အောင် “မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်”ဆိုသည့် ရည်မှန်းချက်ကို ဆက်လက်ဖော်ဆောင်ကြရမည်ဖြစ်သည်။
အားကစားဆောင်ရွက်ခြင်းသည် မျိုးချစ်စိတ်ဓာတ်၊ တိုင်းပြည်ချစ်စိတ်ဓာတ်များနှင့် အမျိုးသားရေးစရိုက်လက္ခဏာများကို ရှင်သန်ထက်မြက်စေပြီး တစ်မျိုးသားလုံးနိုးကြားရှင်သန်မှုကို အထောက်အကူပြုလျက်ရှိသည်။ အားကစားမောင်မယ်များသည် အားကစားစိတ်ဓာတ်အပြည့်ဖြင့် အနိုင်ရရှိရေး ရေကုန်ရေခန်းကြိုးပမ်းယှဉ်ပြိုင်ခဲ့ကြသဖြင့် အမျိုးသားအားကစားပွဲတော်ကြီးမှတစ်ဆင့် နိုင်ငံ့လက်ရွေးစင်အားကစားသမားများ ပေါ်ထွက်လာပြီး နိုင်ငံတကာအလယ်တွင် နိုင်ငံ့ဂုဏ်ကို မြင့်မားတိုးတက်လာအောင် ဖော်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်သည်။
သို့ဖြစ်ရာ အမျိုးသားအားကစားပွဲတော်ကြီးကို ဂုဏ်ယူဝင့်ကြွားမြင့်မားထည်ဝါစွာ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ခြင်းသည် အားကစားကဏ္ဍကို မြင့်မားတိုးတက်စေသည်သာမက အားကစားမှပေါ်ထွက်လာသည့် စည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှု၊ အားမာန်တက်ကြွမှု၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှင်သန်ထက်မြက်မှုများဖြင့် နိုင်ငံ့အကျိုးကို တိုးတက်ဖော်ဆောင်ကြရမည်ဖြစ်ပါကြောင်း။ ။