Skip to main content

အသိဉာဏ်ပညာ ဆင်ခြင်တုံတရားဖြင့် သာယာဝပြောသည့်လူ့ဘောင်ဦးတည်

မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံရေးစနစ်ကို မှန်မှန်ကန်ကန် စနစ်တကျကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုအဖြစ်တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်နေသော နိုင်ငံဖြစ်သည်။ ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်ပြည်ထောင်စုသည် တိုင်းရင်းသားပြည်သူများ၊ ပြည်သူပြည်သားများ လိုလားနှစ်သက်သည့် နိုင်ငံရေးစနစ်ဖြစ်သည်။ မျှော်မှန်းထားသော နိုင်ငံရေးစနစ်သို့ တက်လှမ်းနိုင်ရန်အတွက် အသိဉာဏ်ဆင်ခြင်တုံတရားဖြင့် အားလုံးပါဝင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

ဒီမိုကရေစီလူ့ဘောင်အဖွဲ့အစည်းတစ်ရပ်တွင် ပြဋ္ဌာန်းထားသောဥပဒေအရ လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်များကို ရရှိမည်ဖြစ်သကဲ့သို့ ပြည်သူများအနေဖြင့် သိရှိပိုင်ခွင့်များလည်းရရှိမည်ဖြစ်ပြီး ကောင်းမွန်သည့်အုပ်ချုပ်မှုစနစ်နှင့် ဖွံ့ဖြိုးတိုးတက်မှုများလည်း မရှိမဖြစ်လိုအပ်မည်ဖြစ်သည်။ ယင်းလိုအပ်ချက်များကို လိုက်လျောညီထွေရှိရှိ မှန်မှန်ကန်ကန်၊ မျှမျှတတဆောင်ရွက်ပေးနိုင်ရန်လိုအပ်သည်။ နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်ပါက မိမိတို့၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

သို့သော် လွတ်လပ်ခွင့်သည် အတိုင်းအတာတစ်ခုတော့ရှိသည်။ သူတစ်ပါးကိုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုကိုဖြစ်စေ၊ နိုင်ငံတော်ကိုဖြစ်စေ တည်ဆဲဥပဒေများနှင့်အညီမဟုတ်ဘဲ လွတ်လပ်ခွင့်နှင့်အခွင့်အရေးကို ထိပါးပုတ်ခတ်ရေးသားခြင်းမျိုးမဖြစ်စေရန် လိုအပ်သည်။ လွတ်လပ်ခွင့်နှင့် အခွင့်အရေးများရှိသကဲ့သို့ တစ်ဖက်တွင်လည်း လိုက်နာရမည့်တာဝန်များလည်းရှိသည်။ တာဝန်၊ ဝတ္တရား၊ ကျင့်ဝတ်များကို မျှမျှတတလုပ်ဆောင် လိုက်နာဆောင်ရွက်ခြင်းအားဖြင့် လူ့အဖွဲ့အစည်းတစ်ခုလုံးကို တည့်မတ်ထိန်းကျောင်းပေးသည့်၊ လူ့ဘောင်အသိုက်အဝန်းကို ကောင်းကျိုးများဆောင်ကြဉ်းပေးသည့် ဂုဏ်သိက္ခာရှိသော လုပ်ဆောင်မှုဖြစ်လာမည်။

မျက်မှောက်ကာလတွင် နိုင်ငံရေးအရ၊ စီးပွားရေးအရအင်အားကြီးသည့် နိုင်ငံများ၊ အုပ်စုများသည် ဒီမိုကရေစီအသွင်ကူးပြောင်းစဖွံ့ဖြိုးဆဲနိုင်ငံများကို ဝင်ရောက်စိုးမိုးခြယ်လှယ်နိုင်ရန်အတွက် ဩဇာခံမီဒီယာများကို လက်ကိုင်တုတ်အဖြစ် မွေးမြူလာကြသည့်နည်းအား အသုံးပြုနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ အထောက်အပံ့ခံလက်ဝေခံမီဒီယာများမှတစ်ဆင့် ပြည်သူများကြားတွင် မှားယွင်းသည့် အတွေးအမြင်ခံယူချက်များ တိုးပွားလာအောင် သတင်းအဆိပ်ခတ်သည့် နည်းလမ်းများကို အသုံးချနေသည်။ ပြည်သူများ၏ ပကတိသဘောထားခံစားချက်များ၊ နစ်နာချက်များကို မျက်ကွယ်ပြုပြီး ၎င်းတို့ လိုလားသည့်ပုံစံအတိုင်း ပုံဖော်သွတ်သွင်း ရေးသားထုတ်လွှင့်ဖော်ပြနေသည်ကို တွေ့ရမည်ဖြစ်သည်။

အဆိုးရွားဆုံးမှာ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံငယ်များ မတည်မငြိမ်ဖြစ်အောင်၊ ပဋိပက္ခကြီးထွားလာအောင်၊ ဆူပူအုံကြွပြီး တိုင်းပြည်ပြိုကွဲပျက်စီးအောင် ရည်ရွယ်ချက်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပြုလုပ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ ပြိုကွဲပျက်စီးစေရန်အတွက် မီဒီယာကို လက်နက်သဖွယ်အသုံးချနေသည်ကို သတိပြုရမည်ဖြစ်သည်။ ဒီမိုကရေစီအသွင်ကူးပြောင်းစ ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံအပေါ် အင်အားကြီးနိုင်ငံအချို့က လူ့အခွင့်အရေးနှင့်ဒီမိုကရေစီစံနှုန်းများ ချိုးဖောက်သည်ဟုဆိုကာ မြန်မာနိုင်ငံအပေါ် အပြစ်ရှာစွပ်စွဲပြီး ၎င်းတို့လိုချင်သည့်ပုံစံဖြစ်အောင် သွတ်သွင်းနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံနှင့်မကိုက်ညီသည့် ဒီမိုကရေစီစံနှုန်းများအပေါ် ရာနှုန်းပြည့်အခြေမပြုဘဲ နိုင်ငံ၏ပကတိအခြေအနေနှင့် လူမှုစီးပွားဖြစ်ထွန်းမှု၊ ကြုံတွေ့ခဲ့ရသည့် သမိုင်းပေးသင်ခန်းစာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ပန်းတိုင်သို့ ရဲရဲဝံ့ဝံ့ ချီတက်နေသည်ကို တွေ့ရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့် လွတ်လပ်ရေးရပြီးကာလတစ်လျှောက် ခေတ်အမျိုးမျိုးဖြတ်သန်းခဲ့ရာတွင် စိန်ခေါ်မှုအမျိုးမျိုးကြောင့် ပြည်သူလူထုအတွင်း အသိပညာ၊ အတန်းပညာ၊ အတတ်ပညာကွာဟမှုများရှိခဲ့သည်။ မျက်မှောက်ကာလတွင် တပ်မတော်သည် နိုင်ငံတော်၏ လိုအပ်ချက်အရ နိုင်ငံ့တာဝန်အရပ်ရပ်ကို ထမ်းဆောင်နေရချိန်တွင် ကျင့်ဝတ်သိက္ခာမဲ့သည့် ပြည်ပဩဇာခံမီဒီယာများသည် ခေတ်အမျိုးမျိုးကို ဖြတ်သန်းလာခဲ့ကြသည့် ပြည်သူလူထုကို သတင်းတု၊ သတင်းမှား၊ အမုန်းစကားများဖြင့် မှိုင်းတိုက်ကာ အတွေးအမြင်မှား အောင်၊ အယူအဆလွဲမှားအောင်၊ စည်းလုံးညီညွတ်မှုပျက်ပြားအောင်ပြုလုပ်ပြီး တိုင်းပြည်ပြိုကွဲပျက်စီးအောင် ပြုလုပ်နေသည်ကို ပြည်သူများအနေဖြင့် အသိဉာဏ်ပညာဆင်ခြင်တုံတရားနှင့် မိမိနိုင်ငံသာယာဝပြောရေးကို ရှေးရှုဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါကြောင်း။        ။