လူသားတို့၏ဝတ်ဆင်ရေးတွင် ဝါသည် ရှေးခေတ်နှစ်ထောင်ပေါင်းများစွာမှသည် မျက်မှောက်ခေတ်တိုင်အောင် အရေးပါနေဆဲဖြစ်သည်။ အဝတ်အထည် ရက်လုပ်ရန်အတွက် လိုအပ်သောချည်မျှင်ကို ဓာတုဗေဒနည်းလမ်းများဖြင့် ထုတ်လုပ်နိုင်ပြီဖြစ်သည့်တိုင် သဘာဝဝါချည်မျှင်ဖြင့် ရက်လုပ်သည့် ချည်ထည်အဝတ်အစားများသည် ကျန်းမာရေးနှင့် ညီညွတ်ခြင်း၊ ငွေကုန်ကြေးကျသက်သာခြင်းတို့ကြောင့် ကမ္ဘာ့လူသားတစ်ရပ်လုံးက ဝါချည်ဖြင့် ထုတ်လုပ်ထားသည့် အဝတ်အထည်များကို တန်ဖိုးထားဝတ်ဆင်နေကြဆဲဖြစ်သည်။
မိမိတို့နိုင်ငံတွင် ဝါကို ရှေးကပင်စိုက်ပျိုးခဲ့ကြပြီး ဝါကြီး၊ ဝါကလေးနှင့် ချည်မျှင်ရှည်ဝါမျိုးတို့ကို အများဆုံးစိုက်ပျိုးခဲ့ကြခြင်းဖြစ်သည်။ ဝါစိုက်ပျိုးသည့်အဓိကနိုင်ငံများတွင် ပါဝင်သော်လည်း နှစ်စဉ်ချည်နှင့် ပိတ်ထည်များကို ပြည်ပမှ ပမာဏများစွာ တင်သွင်းနေရခြင်းကြောင့် နိုင်ငံခြားငွေကုန်ကျမှုများစွာ ဖြစ်ပေါ်လျက်ရှိရာ စက်မှုလုပ်ငန်းသုံး အဆင့်မီချည်မျှင်ရှည်ဝါများ တိုးချဲ့စိုက်ပျိုးရန် လိုအပ်လျက်ရှိပြီး နိုင်ငံတော်ကလည်း အထူးအားပေးဆောင်ရွက်လျက်ရှိသည်။ ဝါစိုက်ဧကများလျော့နည်းသွားမှုကို ပြန်လည်မြှင့်တင်ပြီး တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် ၂၀၂၂- ၂၀၂၃ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ ဝါသီးနှံစိုက်ပျိုးရေးစီမံကိန်းကာလသတ်မှတ်ပြီး စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေတို့ကို စီမံကိန်းဒေသများအဖြစ် သတ်မှတ်အကောင်အထည်ဖော်လျက်ရှိသည်။ ဝါသီးနှံကို နှစ်စဉ်တိုးမြှင့်စိုက်ပျိုးလျက်ရှိပြီး စီမံကိန်းကာလပြီးမြောက်ပြီးနောက် ၂၀၂၇-၂၀၂၈ ခုနှစ်တွင် ဝါသီးနှံစိုက်ပျိုးဧရိယာဧက ၇၄၇၀၀၀ အထိ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ တစ်ဧကဝါအထွက်နှုန်း ပိဿာချိန် ၇၀၀ ထွက်ရှိရေးအတွက် ဝါသီးနှံစိုက်ပျိုးရေးဇုန်အလိုက် တာဝန်ခံများ ခန့်ထားကာ တာဝန်ပေးအပ်ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
ဝါသီးနှံစိုက်ပျိုးရေးစီမံကိန်းကို ပြည်တွင်းပြည်ပ ဈေးကွက်ဝယ်လိုအားရှိသည့် ချည်မျှင်ရှည်ဝါများ တိုးတက်ထုတ်လုပ် စိုက်ပျိုးနိုင်ရန်၊ ပြည်တွင်းရှိ ချည်မျှင်နှင့် အထည်စက်ရုံများအတွက် လိုအပ်သည့် အရည်အသွေးကောင်းမွန်သော ဝါ၊ ဝါဂွမ်းများထုတ်လုပ်ပြီး ပြည်ပမှ ဝါနှင့် ချည်များတင်သွင်းမှုကို လျှော့ချနိုင်ရန်၊ ဝါသီးနှံတန်ဖိုးနှင့် ဝါသီးနှံတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်ပြီး ဝါစိုက်တောင်သူများနှင့် ဝါလုပ်ငန်းရှင်များ ကုန်ထုတ်လုပ်မှုမြင့်မားလာစေရန်၊ ချည်မျှင်ကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါဆုံးစက်မှုကုန်ကြမ်းဖြစ်သည့် ဝါသီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်အထွက်နှုန်းရည်မှန်းချက် ပြည့်မီအောင်ဆောင်ရွက်ရန်နှင့် ပြည်တွင်းသုံးစွဲမှု ဖူလုံရန်သာမက ပြည်ပသို့တင်ပို့နိုင်ရန်ဟူသည့် ရည်မှန်းချက်များထားရှိ၍ အကောင်အထည်ဖော်နေခြင်းဖြစ်ရာ စီမံကိန်းအောင်မြင်မှုရရှိရေးအတွက် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
စက်မှုသီးနှံ ဝါကိုစိုက်ပျိုးထုတ်လုပ်ရာတွင် ဝါကြိတ်စက်များ၊ ဝါဆီစက်များမှ ဝါဂွမ်း၊ ဝါစေ့ဆီ၊ ဝါစေ့ဆီချေး၊ လင်တာဂွမ်း(အမျှင်တို)၊ ဝါစေ့ကြိတ်ဖတ်၊ ချည်စသည်တို့ ထွက်ရှိလာမည်ဖြစ်ရာ ဝါကုန်ကြမ်းမှ ဝါဂွမ်း၊ ချည်မျှင်တို့သာမက တိရစ္ဆာန်အစာနှင့် ဆီကြမ်းတို့ပါထွက်ရှိနိုင်ပြီး ဆက်စပ်နေသည့် အလုပ်အကိုင်အခွင့်အလမ်းများပါ ပေါ်ထွက်လာမည်ဖြစ်သည်။ ဒီဇင်ဘာ ၁၆ ရက်က တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ) ၂/၈၀ ချည်ချောစက်ရုံခွဲ ဖွင့်ပွဲအခမ်းအနားကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် “အဆင့်မြင့် ချည်ထည်များ ထုတ်လုပ်နိုင်သည့် ဝါမျိုးကောင်းမျိုးသန့်များကို စိုက်နည်းစနစ်မှန်ကန်စွာ ဆောင်ရွက်ပြီး ဝါအထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ တစ်ဖက်ကလည်း ဝါကြိတ်စက်ရုံများ၊ ချည်မျှင်နှင့် အထည်စက်ရုံများကို အဆင့်မြှင့်တင်ပေးပြီး ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
သို့ဖြစ်ရာ ပြည်တွင်းသုံးစွဲမှုဖူလုံရေး၊ သွင်းကုန်အစားထိုးရေးနှင့် ပြည်ပဝင်ငွေရှာဖွေရေးတို့သာမက အလုပ်အကိုင်အခွင့်အလမ်းများပါ တိုးပွား၍ အကျိုးများမည့်ဝါကို အထွက်နှုန်းမြှင့်တင်တိုးချဲ့ စိုက်ပျိုးရေးနှင့်ဝါအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးတို့အတွက် အလေးအနက်ကြိုးပမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။