နေပြည်တော် ဒီဇင်ဘာ ၁၆
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက လူမှုကာကွယ်စောင့်ရှောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ရန်ပုံငွေအပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့တို့၏ ရန်ပုံငွေထည့်ဝင်မှုပါဝင်နိုင်စေရေး ဆောင်ရွက်ခြင်းဖြင့်လည်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်သည့်ဒေသအလိုက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်သည့်အတွက် အကြံပြုဆွေးနွေးသွားကြရန်လိုကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကော်မတီဝင်ဝန်ကြီးဌာနများအနေဖြင့်လည်း ပြည်သူများအတွက် မိမိတို့ဆောင်ရွက်ပေးရမည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအားဖြင့် ပြည်သူများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
သတင်းစဉ်