Skip to main content

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့၌ ပထမအကြိမ် မြန်မာ-တရုတ်(ချုံချင့်) ယဉ်ကျေးမှုဖလှယ်ပွဲကျင်းပ

ချုံချင့် ဒီဇင်ဘာ ၁၆

မြန်မာကောင်စစ်ဝန်ချုပ်ရုံး ချုံချင့်မြို့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြူနီစီပယ်မြို့ ယွီကျုံးခရိုင်အစိုးရတို့ပူးပေါင်း၍ “ အနုပညာဖြင့် ပေါင်းစည်းဆက်သွယ်-မြန်မာပြည်မှ ချုံချင့်သို့ခေါင်းစဉ်ဖြင့် ပထမအကြိမ် မြန်မာ-တရုတ်(ချုံချင့်) ယဉ်ကျေးမှုဖလှယ်ပွဲကို ဒီဇင်ဘာ ၁၄ ရက်က ချုံချင့်မြို့ရှိ အနုပညာပြဇာတ်ရုံ၌ကျင်းပရာ အခမ်းအနားတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ချုံချင့်မြို့ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် ယွီကျုံးခရိုင် ဒုတိယမြို့တော်ဝန် Mr. Lai Liang တို့က အဖွင့်မိန့်ခွန်းပြောကြားကြသည်။

အခမ်းအနားသို့ ချုံချင့်မြူနီစီပယ်မြို့ စီးပွားရေးရာကော်မရှင် ညွှန်ကြားရေးမှူးချုပ် Mr. Zhang Yongwu ၊ ချုံချင့်နိုင်ငံခြားရေးရာဌာန၊ ယွီကျုံးနိုင်ငံခြားရေးရာဌာန၊ ချုံချင့်-ယွီကျုံး ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုကော်မတီနှင့် အခြားအစိုးရဌာနများမှ ကိုယ်စားလှယ်များနှင့် ပြည်ပကောင်စစ်ဝန်ချုပ်ရုံးမှ ကိုယ်စားလှယ်များတက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံသဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးဖိုးချစ်ဦးဆောင်သည့် မြန်မာ့သဘင်ပညာရှင် ၂၁ ဦးက မြန်မာ့ရိုးရာရုပ်သေးအက၊ နှစ်ပါးသွားအက၊ မြန်မာ့ကျောက်ဆည်ဆင်အက၊ ကျေးလက်အက၊ ဖျာပုံနန်းတွင်းရာမယနဇာတ်နှင့် မြန်မာ့ရိုးရာအတာသင်္ကြန်အကတို့ကို မြန်မာ့တူရိယာဆိုင်းဝိုင်းနှင့်အတူ ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တရုတ်ယဉ်ကျေးမှုအဖွဲ့ကလည်း ပါဝင်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်