Skip to main content

ပြည်သူလူထုဆန္ဒနှင့် လိုအပ်ချက်ကို နိုင်ငံတော်နှင့် လက်တွဲဖော်ဆောင်

မျက်မှောက်ကာလသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ဖြစ်ပေါ်လာသောအခြေအနေနှင့် လိုအပ်ချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ယူဆောင်ရွက်နေသော အရေးပေါ်ကာလဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့တာဝန်ကို စတင်ထမ်းဆောင်သည့် အချိန်မှစ၍ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များ အဆင့်ဆင့်ချမှတ်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့ကိုချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအားလုံးတို့အတွက် ငြိမ်းချမ်းသာယာဝပြောသည့် အနာဂတ်ကိုရည်မှန်းလျက် ကောင်းမွန်သည့်ပစ္စုပ္ပန်ကို တည်ဆောက်လျက်ရှိရာ နိုင်ငံရေးရည်မှန်းချက် (၂) ရပ် နှင့် အမျိုးသားရေးရည်မှန်းချက် (၂) ရပ်တို့ကို အထူးအလေးထားပြီး အကောင်အထည်ဖော်လျက်ရှိသည်။ နိုင်ငံတော်ကချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ပါအတိုင်း ကဏ္ဍအလိုက် ဟန်ချက်ညီညီ ရှေ့ဆက်ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။ အကြောင်းကြောင်းကြောင့် ကျန်ရှိနေသည့်ဒေသများကို ဆက်လက်ကောက်ယူလျက်ရှိပြီး ရှေ့လုပ်ငန်းစဉ် (၅) ရပ်၏ နောက်ဆုံးအချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်၏တာဝန်ကို ဆောင်ရွက်လျက်ရှိရာ၌ ပြည်သူလူထု၏ လိုအပ်ချက်များကို အလေးထားအကောင်အထည်ဖော်ရာတွင် လူတိုင်းအသက်ရှင်သန်ရပ်တည်ရေးအတွက် စားဝတ်နေရေးသည် အခြေခံလိုအပ်ချက်ဖြစ်သဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးရည်မှန်းချက် (၂) ရပ်အဖြစ် ချမှတ်ထားပြီး စိုက်ပျိုးရေးတွင် ဒေသနှင့်ကိုက်ညီသောထုတ်ကုန်များ ထွက်ရှိလာစေရေး၊ နိုင်ငံသားတိုင်းအကျိုးရှိစေမည့် မွေးမြူရေးလုပ်ငန်းများအောင်မြင်အောင် အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ရေးတို့အတွက် လိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိသည်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း၊ သမဝါယမနှင့်စက်မှုလက်မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး မတည်ရန်ပုံငွေများကို ခွင့်ပြုပေးထားသည်။

ယခုအခါ အဆိုပါမတည်ငွေကို တောင်သူဦးကြီးများ၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ၊ သမဝါယမအသင်းများနှင့် စက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်သူများသို့ ခွဲဝေပေးထားပြီး အကောင်အထည်ဖော်လုပ်ကိုင်လျက်ရှိသည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍကို မြှင့်တင်ပေးခြင်းသည် လူဦးရေအများစုဖြစ်သော ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်လာစေမည်ဖြစ်သည့်အပြင် နိုင်ငံတော်၏အဓိကထုတ်ကုန်လုပ်ငန်းများ မြင့်မားတိုးတက်လာမည်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ပေးနေခြင်းသည် ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်းသားပြည်သူ များအပေါ်ထားရှိသည့် နိုင်ငံတော်၏စေတနာနှင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း မိသားစုစိတ်ဓာတ်၊ စစ်မှန်သည့်မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ တိုးပွားရှင်သန်စေရန်ဖြစ်သည်။

ထို့အပြင် နိုင်ငံတော်အစိုးရအနေဖြင့် အသိဉာဏ်ပညာပြည့်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် လူ့ဘောင်အသိုက်အဝန်း ဖြစ်ထွန်းလာစေရေးအတွက် ပညာရေးတွင် KG+9 အထိ မသင်မနေရသတ်မှတ်ပြီး အကောင်အထည်ဖော်လျက်ရှိသည်။ နိုင်ငံတော်အတွင်းရှိ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရာခိုင်နှုန်းမြင့်မားရေး၊ ကျောင်းသား ကျောင်းသူများကို အတန်းပညာတတ်မြောက်စေရေး၊ တန်းစဉ်ကူးပြောင်းနှုန်းမြင့်မားရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိသည်။ အနာဂတ်တွင် နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် ဗလငါးတန်နှင့်ပြည့်စုံသော အရည်အချင်းပြည့်ဝသည့်လူငယ်များ ပေါ်ထွက်လာရေးအတွက် အတတ်ပညာပြည့်ဝရေးသည် အဓိကကျသလို အသိပညာ၊ ဗဟုသုတ၊ အတွေးအခေါ်အယူအဆမှန်ကန်ရေးသည်လည်း မရှိမဖြစ်လိုအပ်သဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အတတ်ပညာ၊ အသိပညာ၊ ဗဟုသုတရှာမှီးနိုင်ရန် နိုင်ငံတော်က အလေးထားဖော်ဆောင်ပေးလျက်ရှိသည်။

ပြည်သူလူထု၏ဆန္ဒဖြစ်သည့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဖြစ်ပေါ်လာစေရေးတွင် အခြေခံကျသည့်အုတ်မြစ်သည် တရားမျှတပြီးသိက္ခာရှိသော နည်းလမ်းကျနမှန်ကန်မှုရှိသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးဖြစ်သည်။ သို့ဖြစ်ရာ မျှော်မှန်းထားသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဖြောင့်တန်းစွာလျှောက်လှမ်းနိုင်ရန်အတွက် အဓိကလိုအပ်ချက်မှာ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိရေးဖြစ်၍ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားပြည်သူအားလုံးတို့က နိုင်ငံတော်အစိုးရနှင့်အတူ နိုင်ငံချစ်စိတ်၊ အမျိုးသားရေးစိတ်ဖြင့် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လေးစားစွာတိုက်တွန်းအပ်ပါကြောင်း။ ။