Skip to main content

ဒီပြိုင်ပွဲကြီးတွေ ကျင်းပပေးခြင်းအားဖြင့်နိုင်ငံ့ဂုဏ်ကိုဆောင်မယ့် မျိုးဆက်သစ်လူငယ်အားကစားသမားတွေ အများကြီး ထွက်ပေါ်လာမယ်ဆိုတာ မုချပါပဲ

နေပြည်တော် ဒီဇင်ဘာ ၁၄

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး ဆက်လက်ကျင်းပလျက်ရှိရာ ပြိုင်ပွဲအသီးသီးမှ အားကစားသမားများ၊ ကြီးကြပ်သူများ၊ နည်းပြများနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်မှအချို့အား ကောက်နုတ် ဖော်ပြလိုက်ရပါသည်။

ဦးရဲလွင်၊ ညွှန်ကြားရေးမှူး

လူထုအားကစားနှင့် ပညာပေးဌာနခွဲ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန

ကျွန်တော်တို့ဌာနက ပုံမှန်ဆောင်ရွက်တာတွေကတော့ နွေရာသီအားကစားသင်တန်းတွေ ဖွင့်လှစ်နိုင်ဖို့၊ ဒီဇင်ဘာလတိုင်း လူထုလှုပ်ရှားမှုအားကစား တစ်လတာလှုပ်ရှားမှုတွေနဲ့ လူထုလမ်းလျှောက်ပွဲကျင်းပနိုင်ဖို့၊ အားကစားနဲ့ပတ်သက်တဲ့ အသိပညာတွေဖြန့်ဝေဖို့နဲ့ မီဒီယာတွေနဲ့ချိတ်ဆက်ပြီး ပညာပေးလှုပ်ရှားမှုတွေပြုလုပ်ပေးနေပါတယ်။ အခုလက်ရှိမှာတော့ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာနဲ့ ဓာတ်ပုံပြိုင်ပွဲအတွက် တာဝန်ယူဆောင်ရွက်ပေးနေပါတယ်။ ပြိုင်ပွဲရဲ့ထူးခြားချက်က ဓာတ်ပုံပြိုင်ပွဲဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ဓာတ်ပုံတွေက အခုကျင်းပနေတဲ့ အားကစားပွဲတော်ကြီးရဲ့ ကျင်းပနေတဲ့မြင်ကွင်းတွေထဲကသာ ယှဉ်ပြိုင်ရမှာပါ။ ပြိုင်ပွဲဝင်ဓာတ်ပုံတွေကို ၁၀ လက်မ၊ ၁၄ လက်မအရွယ်အစားနဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ နောက်ဆုံးထား ယှဉ်ပြိုင်ပေးပို့နိုင်ပါ တယ်။ရွေးချယ်ပေးမှာကတော့ မြန်မာနိုင်ငံအားကစားမီဒီယာအဖွဲ့ချုပ်က ဖြစ်ပါတယ်။ လက်ရှိမှာ ပဉ္စမအကြိမ် အမျိုးသားအားကစားပြိုင်ပွဲကြီးက ခရီးတစ်ဝက်ရောက်ရှိခဲ့ပါပြီ။ အမျိုးသားအားကစားပြိုင်ပွဲကြီးမှာ ကျွန်တော်တို့အနေနဲ့ ဝန်ကြီးဌာနအဆင့် ရွှေ ၅၁၊ ငွေ ၅၁ နဲ့ ကြေး ၅၃ စုစုပေါင်း ၁၅၅ခု၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့် ရွှေ ၂၃၄၊ ငွေ ၂၃၄ နဲ့ ကြေး ၃၀၆ စုစုပေါင်း ၇၇၄ ခု၊ မသန်စွမ်းအားကစားနည်း ရွှေ ၅၀၊ ငွေ ၅၀ နဲ့ ကြေး ၅၀ စုစုပေါင်း ၁၅၀ ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ကိုအောင်ဖြိုးဝေ (မကွေးတိုင်းဒေသကြီးပြိုင်ပွဲဝင်)

အမျိုးသားတစ်ဦးချင်း

ဘိလိယက်ပြိုင်ပွဲ

အမျိုးသားအားကစားပွဲတော်ကြီးမှာ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးကိုယ်စားပြု ဘိလိယက်/ စနူကာ ကစားသမား ၁၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ ဘိလိယက်နဲ့စနူကာ 9 Ball ပြိုင်ပွဲတွေမှာ ပြိုင်မှာပါ။ ကျွန်တော်က ဒီနေ့ပြိုင်ပွဲမှာ တစ်ဦးချင်းသုံးလုံးဘော ဘိလိယက်ပြိုင်ပွဲမှာ ဝင်ပြိုင်တာပါ။ ပြိုင်ပွဲမှာ တိုင်းဒေသကြီးရဲ့ ဂုဏ်ဆောင်နိုင်အောင်လို့ အများကြီးပြင်ဆင်လာတယ်။ ဆုတံဆိပ်တွေရဖို့လည်း မျှော်လင့်ထားတယ်။ ဒီပြိုင်ပွဲကြီး ကျင်းပ ပေးတဲ့အတွက် ကစားသမားတွေလည်း တိုးတက်တယ်၊၊ မြန်မာနိုင်ငံအတွက် လူငယ်ကစားသမားတွေ ထွက်ပေါ်လာဖို့ အများကြီးမျှော်လင့်လို့ရတဲ့ ပြိုင်ပွဲကြီးဖြစ်တာကြောင့် အင်မတန်ကောင်းပါတယ်။

မောင်ဝင်းဇော်ထွန်း

(ဧရာဝတီတိုင်းဒေသကြီး ပြိုင်ပွဲဝင်)

အမျိုးသား မီတာ ၁၀၀ ရေကူး (ရင်ပေါင်တန်းကူး) ပြိုင်ပွဲ

ပြိုင်ပွဲမှာ အကောင်းဆုံးကြိုးစားခဲ့တယ်။ ဒီပြိုင်ပွဲအတွက် ခြောက်လလောက် ပြင်းပြင်းထန်ထန်လုပ်ခဲ့တယ်။ ဒါပေမယ့် ပြိုင်ပွဲရလဒ်ကတော့ စတုတ္ထနေရာပဲရခဲ့တယ်။ နောင်တစ်ချိန် နောက်ပြိုင်ပွဲတွေကျရင် ဒီထက်ကြိုးစားမယ်၊ ဒီထက်ကောင်းအောင် လုပ်ပြ မယ်။ ကျွန်တော်တို့ ရေကူးအားကစားမှာ အားကစား သမား အမျိုးသား ၉ ယောက်၊ အမျိုးသမီး ၁၁ ယောက် အားလုံးပေါင်း ၂၀ ပါပါတယ်။ ဒီထဲမှာ ရွှေတံဆိပ်ဆု ယူမယ့်သူတွေလည်း ပါပါတယ်။ အခုလို အမျိုးသားအားကစားပွဲတော်ကြီးမှာ ကစားသမားကောင်းတွေနဲ့အတူ ပြိုင်ရတော့ ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူမိတယ်။ ရေကူးအားကစားနည်းရဲ့ အားသာချက်တွေက ခန္ဓာကိုယ်အကြောအခြင်တွေ ပြေစေတယ်၊ သွေးလည်ပတ်မှုတွေ ကောင်းစေတဲ့အတွက် ကျန်းမာရေးအတွက် ကောင်းတယ်။ ကျွန်တော့် အနာဂတ်မျှော်လင့်ချက်က လက်ရွေးစင်ဖြစ်ဖို့ပဲ။ နောင်တစ်ချိန်မှာလည်း ရေကူးအားကစားမျိုးဆက်သစ်တွေ မွေးထုတ်ပေးချင်တယ်။ အခုလို အမျိုးသား အားကစားပွဲတော်ကြီး ကျင်းပပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေအားလုံးကို ကျေးဇူးတင်ပါတယ်။

မယဉ်ယဉ်ထွေး (ပဲခူးတိုင်းဒေသကြီး ပြိုင်ပွဲဝင်)

ရွှေတံဆိပ်ဆုရ၊ အလေးမအားကစား

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးမှာ ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အလေးမ ၄၅ ကီလိုတန်းမှာ ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ စုစုပေါင်းကီလို ၁၂၈ ကီလိုနဲ့ ပထမရရှိတာဖြစ်ပါတယ်။ ကျွန်မက နိုင်ငံတော်အဆင့်ကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ဖူးတာပါ။ ဒီပြိုင်ပွဲမှာ ပြည်နယ်နဲ့တိုင်းဒေသကြီး လေးခုကနေ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ကစားသမားတွေနဲ့ ယှဉ်ပြိုင်ရတဲ့အခါ စိတ်လှုပ်ရှားမှုတွေဖြစ်ခဲ့ပါတယ်။ ပြိုင်ဘက် ကစားသမားတွေနဲ့လည်း ရင်းနှီးမှုတွေလည်း ရရှိခဲ့ပါတယ်။ ကျွန်မအနေနဲ့ ပြည်ပပြိုင်ပွဲတွေယှဉ်ပြိုင်ချင်ပါတယ်။ အလေးမအားကစားသမားအဖြစ် ဝင်ရောက်ခဲ့တာ ငါးနှစ်ဝန်းကျင် အထိရှိပါပြီ။ ဆက်လက်ပြီးလည်း အလေးမအားကစားနဲ့ ပြည်ပ ပြိုင်ပွဲတွေမှာ နိုင်ငံတော်ရဲ့ဂုဏ်ကိုဆောင်နိုင်ဖို့ လက်ရွေးစင်ကစားသမားတန်းမှာ ပါဝင်နိုင်အောင် ဆက်လက်ကြိုးစားသွားမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးတွေကျင်းပပေးခြင်းအားဖြင့် နိုင်ငံ့ဂုဏ်ကိုဆောင်မယ့် မျိုးဆက်သစ်လူငယ်အားကစားသမားတွေ အများကြီး ထွက်ပေါ်လာမယ်ဆိုတာ မုချပါပဲ။

မသူသူဟန် (ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု)

ရွှေတံဆိပ်ဆုရှင်၊ တိုက်ကွမ်ဒိုပြိုင်ပွဲ

ကျွန်မက - ၄၆ ကီလိုကနေ ရန်ကုန်တိုင်း ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အခုပြိုင်ပွဲအတွက် ကန့်ဝင်တဲ့ နှစ်လတာအတွင်းမှာ ကြိုးစားလေ့ကျင့်ခဲ့တယ်။ ပညာရေးတစ်ဖက်နဲ့ဆိုတော့ Training နားချိန်တွေမှာစာလုပ်ပြီး ကန့်ဝင်နေရင်းနဲ့ စာမေးပွဲဖြေရတဲ့အခါတွေလည်း ရှိခဲ့တယ်။ ဒီနေ့ကတော့ ကြိုးစားမှုရလဒ်တွေက အရာထင်ခဲ့ပြီး ရွှေတံဆိပ်ဆုရယူနိုင်ခဲ့တဲ့အတွက် ကိုယ့်အတွက်ရော၊ တိုင်းဒေသကြီးအတွက်ပါ ဂုဏ်ယူမိပါတယ်။ ပျော်ရွှင်ကျေနပ်ပါတယ်။ ကျွန်မက ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄ ခုနှစ် ပြည်နယ်နဲ့တိုင်းဒေသကြီးပြိုင်ပွဲတွေမှာ သုံးနှစ်ဆက်တိုက် ရွှေတံဆိပ်ဆုရရှိထားပါတယ်။ ဒီနေ့ပြိုင်ပွဲမှာလည်း ရွှေတံဆိပ်ဆုထပ်မံရရှိခဲ့တာဖြစ်ပါတယ်။ အားကစားသမားတွေဆိုတာက ပြိုင်ပွဲတွေများများယှဉ်ပြိုင်ဖို့လိုအပ်ပါတယ်။ ဒီလိုပြိုင်ပွဲတွေကနေတစ်ဆင့် အနယ်နယ်အရပ်ရပ်က ထူးချွန်တဲ့ကစားသမားကောင်းတွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

မမြတ်နိုးကြယ်စင် (ရန်ကုန်တိုင်းဒေသကြီး

ပြိုင်ပွဲဝင်) အမျိုးသမီး ရေကူးပြိုင်ပွဲ

အမျိုးသားအားကစားပွဲတော်ကြီးမှာ အမျိုးသမီး မီတာ ၄၀၀ အလွတ်ကူးပြိုင်ပွဲနဲ့ အမျိုးသမီးမီတာ ၂၀၀ တစ်ဦးချင်း လေးမျိုးကူးပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်တာပါ။ မီတာ ၄၀၀ မှာတော့ ရွှေ(ပထမ)ရပါတယ်။ အရင်တုန်းက ပြည်ပပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခဲ့ဖူးပါတယ်။ ထူးချွန်ကစားသမားတစ်ယောက် ဖြစ်ဖို့အတွက်ဆိုရင် ဘယ်အားကစားမဆို သူများလုပ်ခိုင်းလို့လုပ်ခြင်းထက် ကိုယ်ကိုယ်တိုင်ဝါသနာပါပြီး လုပ်မယ်ဆိုရင် အကောင်းဆုံးဖြစ်လာမယ်လို့ မြင်ပါတယ်။

မရွှန်းလဲ့ဝေ (ရှမ်းပြည်နယ်ကိုယ်စားပြုပြိုင်ပွဲဝင်)

အလေးမအားကစား၊ ၄၉ ကီလိုတန်း

ဒီနေ့ပြိုင်ပွဲမှာ စိတ်နည်းနည်းလောသွားခဲ့လို့ ဒုတိယဆုနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ စိတ်က လှုပ်ရှားနေခဲ့ပြီး လက်ကကျန်နေခဲ့တော့ ပြုတ်သွားခဲ့ရတယ်။ ကျွန်မက ၄၉ ဝိတ်တန်းပြိုင်ပွဲမှာ ၉၄ ကီလိုအရောက် အခုလိုဖြစ်သွားခဲ့တာ။ စိတ်မကောင်းဖြစ်ရတယ်။ ရွှေဆုနဲ့လွဲချော်သွားခဲ့လို့ပါ။ ဒါပေမယ့် အားတော့မလျှော့ပါဘူး။ နောက်နှစ်တွေမှာ ဆက်လက်ကြိုးစားသွားမှာပါ။ ကျွန်မက မနှစ်က ပြည်နယ်နဲ့တိုင်းဒေသကြီးပြိုင်ပွဲမှာ ၄၉ ကီလိုတန်း ရွှေဆုရရှိထားပြီး ဒီနှစ်တော့ ဒုတိယပါ။ ကျွန်မက ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့က လာရောက်ယှဉ်ပြိုင်တာပါ။ လက်ဦးဆရာတွေကတော့ ဆရာမ အေမီလွင်နဲ့ ဆရာမနှင်းနှင်းအေးတို့ဖြစ်ပါတယ်။ နှစ်လလုံးလုံး အပြင်းအထန်ကြိုးစား လေ့ကျင့်ခဲ့ပါတယ်။ စင်ပေါ်မှာ ကိုယ်မနေကျအလေးတွေက ပိုပြီးလေးလာတယ်လို့ခံစားရပြီး အခုလို ဖြစ်သွားတာ။ နောက်ပြိုင်ပွဲတွေမှာ အခုထက်ပိုပြီး စိတ်ကို စုစည်းနိုင်အောင် ကြိုးစားသွားပါမယ်။