Skip to main content

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်

နေပြည်တော် ဒီဇင်ဘာ ၁၄

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း / ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

ဝန်ကြီးဌာနပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ကျင်းပရာ အမျိုးသား/အမျိုး သမီးကီလိုမီတာ ၂၀ လမ်းလျှောက်ပြိုင်ပွဲ၊ အမျိုးသမီးလှံတံပစ်ပြိုင်ပွဲ၊ အမျိုးသား / အမျိုးသမီး မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး သုံးဆင့်ခုန် ပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၁၁၀ တန်းကျော် အပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၄၀၀ အပြေး ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့ပြင် အမျိုးသားလှံတံပစ် ပြိုင်ပွဲတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ နန်းထက်မောင်က ပထမ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ပြည့်ဖြိုးအောင်က ဒုတိယ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သူရအောင်က တတိယဆုကိုလည်းကောင်း၊ အမျိုးသမီး မီတာ ၁၀၀ တန်းကျော်ပြေးပြိုင်ပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဝင်းစန္ဒာထွန်းက ပထမ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ နော်မြင့်မြင့်စန်း ကဒုတိယ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်မှ ဂျာစိုင်းပန်က တတိယဆုကိုလည်းကောင်း၊ အမျိုးသား မီတာ ၁၁၀ တန်းကျော်ပြေးပြိုင်ပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လွင်မိုးက ပထမ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပိုင်ကိုဝင်းက ဒုတိယ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မင်းသိင်္ခက တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ရေကူးကန်၌ကျင်းပရာ အမျိုးသား/အမျိုးသမီး မီတာ ၂၀၀ အလွတ်ကူးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၅၀ ပက်လက် ကူးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး ရင်ပေါင်တန်းကူးပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး မီတာ ၅၀ လိပ်ပြာကူးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၅၀ အလွတ်ကူး ပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး ၅၀x၄ လွန်းပျံလေးမျိုးကူးပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိခဲ့ကြသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲကို ရွှေကြာပင်အားကစားရုံ၌ကျင်းပရာ အမျိုးသား/ အမျိုးသမီး ၅၀-၅၅ ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား/အမျိုး သမီး ၆၀-၆၅ ကီလိုတန်းပြိုင်ပွဲ၊ လက်နက်ကာကွယ်နည်းအပြ (ကျား+မ)စွမ်းရည်ပြပြိုင်ပွဲ၊ အမျိုးသား ဓားရှည်နှစ်ယောက်တိုက် အပြ စွမ်းရည်ပြပြိုင်ပွဲ၊ အမျိုးသားလေးယောက်တွဲ လက်နက်မဲ့အပြ စွမ်းရည်ပြပြိုင်ပွဲများကို ယှဉ်ပြိုင် ကစားခဲ့ကြပြီး ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်/စနူကာပြိုင်ပွဲ ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ဘိလိယက်ရုံ၌ကျင်းပရာ စနူကာ 6 Red တစ်ဦးချင်းပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ချမ်းမင်းကျော်က ကချင်ပြည်နယ်မှ ကျော်စွာတင့်ကို သုံးပွဲ - နှစ်ပွဲ၊ ကယားပြည်နယ်မှ ရဲထွဋ်နိုင်က ပဲခူးတိုင်းဒေသကြီးမှ ငြိမ်းပြည့်ဖြိုးကို သုံးပွဲ-တစ်ပွဲ၊ ဧရာဝတီတိုင်း ဒေသကြီးမှ ခင်ဇော်က ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ချစ်မိုးကို သုံးပွဲ - တစ်ပွဲ၊ ရှမ်းပြည်နယ်မှ ဖီးအီက စစ်ကိုင်းတိုင်းဒေသကြီးမှ စိုးခန့်နိုင်ကို သုံးပွဲ - တစ်ပွဲဖြင့် အနိုင်ရရှိခဲ့ကြသည်။

ဘိလိယက် တစ်ဦးချင်းပြိုင်ပွဲ ၁၆ ဦး ရှုံးထွက်ပွဲစဉ်တွင် ဧရာဝတီတိုင်းဒေသကြီးမှ ကျော်စွာဝင်းက ကရင်ပြည်နယ်မှ ကျော်ကျော်ထွန်းကို သုံးပွဲပြတ်၊ မန္တလေးတိုင်းဒေသကြီးမှ အေးမင်းက ကယား ပြည်နယ်မှ ကျော်ဆန်းလွင်ကို သုံးပွဲပြတ်၊ ရန်ကုန်တိုင်းဒေသကြီးမှ အောင်နိုင်စိုးက ပဲခူးတိုင်းဒေသကြီးမှ ထိန်ဝင်းကို သုံးပွဲ - တစ်ပွဲ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ကျော်ဝင်းက မကွေးတိုင်းဒေသကြီးမှ အောင်ဖြိုးဝေကို သုံးပွဲ - နှစ်ပွဲ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ ကျော်ဌေးက ရှမ်းပြည်နယ်မှ လှထွန်းကို သုံးပွဲ - နှစ်ပွဲ၊ ရန်ကုန်တိုင်းဒေသကြီးမှ ဇော်လင်းနုက မွန်ပြည်နယ်မှ ရဲဝင်းထွဋ်ကို သုံးပွဲပြတ်၊ မကွေးတိုင်းဒေသကြီးမှ လင်းအောင်က ဧရာဝတီတိုင်းဒေသကြီးမှ နေလင်းဦးကို သုံးပွဲ - နှစ်ပွဲ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ သီဟံစိုးက မန္တလေးတိုင်းဒေသကြီးမှ ပြည့်ဖြိုးဝင်းကို သုံးပွဲ - နှစ်ပွဲ ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။

9 Ball Pool တစ်ဦးချင်းပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ရှမ်းပြည်နယ်မှ ကမ္ဘာလင်းက ဧရာဝတီတိုင်းဒေသကြီးမှ မိုးဝင်းကို ခုနစ်ပွဲ - လေးပွဲ၊ မန္တလေးတိုင်းဒေသကြီးမှ ကျော်ဇင်သန့်က ရန်ကုန်တိုင်းဒေသကြီးမှ အောင်မြင့်ကို ခုနစ်ပွဲ - ခြောက်ပွဲ၊ ကချင်ပြည်နယ်မှ အောင်ကျော်မိုးက ရခိုင်ပြည်နယ်မှ စိုင်းဇာနည်ထွန်းကို ခုနစ်ပွဲ - ခြောက်ပွဲ၊ ဧရာဝတီတိုင်းဒေသကြီးမှ ရာဇာဟန်က မကွေးတိုင်းဒေသကြီးမှ ဟိန်းလတ်ကို ခုနစ်ပွဲ- လေးပွဲဖြင့် အနိုင်ရရှိခဲ့ကြသည်။

စနူကာ 15 Red နှစ်ယောက် တွဲပြိုင်ပွဲတွင် ရှမ်းပြည်နယ်က ပြည်ထောင်စုနယ်မြေ နေပြည်တော်ကို သုံးပွဲ - နှစ်ပွဲ၊ ကချင်ပြည်နယ်က ရခိုင်ပြည်နယ်ကို သုံးပွဲပြတ်၊ ရန်ကုန်တိုင်းဒေသကြီးက ကရင်ပြည်နယ်ကို သုံးပွဲပြတ်၊ မန္တလေးတိုင်းဒေသကြီးက မွန်ပြည်နယ်ကို သုံးပွဲပြတ်၊ မကွေးတိုင်းဒေသကြီးက ဧရာဝတီတိုင်းဒေသကြီးကို သုံးပွဲ - နှစ်ပွဲဖြင့် အနိုင်ရရှိခဲ့ကြသည်။

စနူကာ 6 Red နှစ်ယောက်တွဲပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးက မကွေးတိုင်းဒေသကြီးကို သုံးပွဲ - တစ်ပွဲ၊ ရှမ်းပြည်နယ်က ပြည်ထောင်စုနယ်မြေ နေပြည်တော်ကို သုံးပွဲပြတ်၊ ကရင်ပြည်နယ်က ကယားပြည်နယ်ကို သုံးပွဲ - တစ်ပွဲ၊ ရခိုင်ပြည်နယ်က မွန်ပြည်နယ်ကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ 9 Ball Pool တစ်ဦးချင်းပြိုင်ပွဲ ကွာတား ဖိုင်နယ်ပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးက မန္တလေးတိုင်းဒေသကြီးကို ခုနစ်ပွဲ - လေးပွဲ၊ ရှမ်း ပြည်နယ်က ဧရာဝတီတိုင်းဒေသကြီးကို ခုနစ်ပွဲ - တစ်ပွဲ၊ ရခိုင်ပြည်နယ်က ပဲခူးတိုင်းဒေသကြီးကို ခုနစ်ပွဲ - နှစ်ပွဲ၊ ကချင်ပြည်နယ်က ကရင်ပြည်နယ်ကို ခုနစ်ပွဲ - သုံးပွဲဖြင့် လည်းကောင်း အနိုင်ရရှိ ခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး ကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲကို မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပရာ အမျိုးသား ၂၁ နှစ်အောက် ကာယဗလပြိုင်ပွဲ၊ အမျိုးသား ၅၅ ကီလိုအထိ ကာယဗလပြိုင်ပွဲ၊ အမျိုးသား ၆၀ ကီလိုအထိ ကာယဗလပြိုင်ပွဲ၊ အမျိုးသား ၆၅ ကီလိုအထိ ကာယဗလပြိုင်ပွဲ၊ အမျိုးသား ၁၇၀ စင်တီမီတာအထိ ကာယကြံ့ခိုင်မှု ပြိုင်ပွဲ၊ အမျိုးသား ၁၇၀ စင်တီမီတာအထက် ကာယကြံ့ခိုင်မှုပြိုင်ပွဲ၊ အမျိုးသမီး Athletic Physique ပြိုင်ပွဲ၊ အမျိုးသား Fitness Physique ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် ခရစ်ကတ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းမြားပစ် ကွင်း (၁/၂) ၌ကျင်းပရာ အမျိုးသား ခရစ်ကတ်ပြိုင်ပွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ပထမ၊ ရခိုင်ပြည်နယ်အသင်းက ဒုတိယ၊ ကရင်ပြည်နယ်အသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့က ပူးတွဲတတိယဆုကိုလည်း ကောင်း၊ အမျိုးသမီးခရစ်ကတ်ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးက ပထမ၊ ရန်ကုန်တိုင်းဒေသကြီးက ဒုတိယ၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အသင်းတို့က ပူးတွဲ တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြပြီး တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံး ကွာတားဖိုင်နယ် ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း (၃)/(၄)၊ ဘောဂဝတီကွင်းနှင့် လယ်ဝေး မြို့နယ် အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ ဧရာဝတီ တိုင်းဒေသကြီးအသင်းက မွန် ပြည်နယ်အသင်းကို တစ်ဂိုး - ဂိုး မရှိ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ကချင်ပြည်နယ်အသင်းကို နှစ်ဂိုး - တစ်ဂိုး၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ငါးဂိုး - နှစ်ဂိုး၊ မန္တလေးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ်အသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ပေါင်းလောင်း အားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့် လယ်ဝေး TC-2 အားကစားကွင်းတို့၌ ယှဉ်ပြိုင်ကစားကြရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာန အသင်းကို နှစ်ဂိုး - ဂိုးမရှိ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို နှစ်ဂိုး - တစ်ဂိုး၊ ဆောက်လုပ် ရေးဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းကို ကိုးဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်ရုံ၌ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာနအသင်းကို ၁၆ ဂိုး - ဂိုးမရှိ၊ စွမ်းအင် ဝန်ကြီးဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အသင်းကို သုံးဂိုး - နှစ်ဂိုး၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနအသင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်း ကို သုံးဂိုး - တစ်ဂိုး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအသင်းက ပြည်ထောင်စု စာရင်းစစ်ချုပ် အသင်းကို နှစ်ဂိုး - တစ်ဂိုး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက ပြည်ထောင်စုတရား လွှတ်တော်အသင်းကို ၁၇ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း နှစ်ယောက်တွဲပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A) ရုံ၌ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ ပြည်ထဲရေးဝန်ကြီး ဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းကို နှစ်ပွဲ - တစ်ပွဲ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအသင်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ်အသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကြပြီး ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာန အသင်းကို နှစ်ပွဲ- တစ်ပွဲ၊ တတိယလုပွဲစဉ်တွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ကာကွယ်ရေး ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်၊ ဗိုလ်လုပွဲစဉ်တွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအသင်းကို နှစ်ပွဲပြတ်အနိုင်ရရှိခဲ့ပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ပထမ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအသင်းက ဒုတိယ၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်းက တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုအတိုက်ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း တိုက်ကွမ်ဒိုရုံ၌ကျင်းပရာ အမျိုးသမီး ၄၆ ကီလိုတန်းအောက် အတိုက်ပြိုင်ပွဲ၊ အမျိုးသမီး ၄၆-၅၁ ကီလိုတန်း အတိုက်ပြိုင်ပွဲ၊ အမျိုးသမီး ၅၁-၅၆ ကီလိုတန်း အတိုက်ပြိုင်ပွဲ၊ အမျိုးသား ၅၄ ကီလိုတန်းအောက် အတိုက်ပြိုင်ပွဲ၊ အမျိုးသား ၅၄-၅၈ ကီလိုတန်း အတိုက်ပြိုင်ပွဲ၊ အမျိုးသမီး ၅၆-၆၂ ကီလိုတန်း အတိုက်အပြိုင်ပွဲ၊ အမျိုးသား ၅၈-၆၃ ကီလိုတန်း အတိုက်ပြိုင်ပွဲ၊ အမျိုးသား ၆၃- ၆၈ ကီလိုတန်း အတိုက်ပြိုင်ပွဲ၊ အမျိုးသား ၆၈- ၇၄ ကီလိုတန်း အတိုက်ပြိုင်ပွဲ၊ အမျိုးသား ၇၄ ကီလိုတန်းအထက် အတိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့ကြသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို တင်းနစ်ကွင်း (ဗဟို) ၌ကျင်းပရာ အမျိုးသားတင်းနစ်ပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်း ကို နှစ်ပွဲ - တစ်ပွဲ၊ ရန်ကုန်တိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို သုံးပွဲ ပြတ်၊ ကချင်ပြည်နယ်အသင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို နှစ်ပွဲ - တစ်ပွဲ၊ ချင်းပြည်နယ်အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို နှစ်ပွဲ- တစ်ပွဲ၊ ဧရာဝတီတိုင်းဒေသကြီး အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို သုံးပွဲပြတ်၊ အမျိုးသမီးတင်းနစ်ပြိုင်ပွဲတွင် မန္တလေး တိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို သုံးပွဲပြတ်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ကရင်ပြည်နယ်အသင်းကို နှစ်ပွဲ - တစ်ပွဲ၊ ပဲခူးတိုင်းဒေသကြီးအသင်းက ကယားပြည်နယ်အသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း အလေးမပြိုင်ပွဲရုံ၌ ကျင်းပရာ အမျိုးသား ၆၁ ကီလိုတန်းပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးမှ မြတ်ကျော်သူမှ ပထမ၊ ရန်ကုန်တိုင်းဒေသကြီးမှ မျိုးမင်းလတ်က ဒုတိယ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဝမ်ကြားလယ်က တတိယဆုကိုလည်းကောင်း၊ အမျိုးသမီး ၄၉ ကီလိုတန်းပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ထက်ထက်ထွန်းက ပထမ၊ ဧရာဝတီတိုင်းဒေသကြီးမှ နော်အယ်က ညောဂျော့က ဒုတိယ၊ ပဲခူးတိုင်းဒေသကြီးမှ ဇင်ငြိမ်းအေးက တတိယဆုကိုလည်းကောင်း ရရှိခဲ့ကြသည်။

ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်း အမျိုးသားဘော်လီဘောပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းဘော်လီဘောရုံ၌ကျင်းပရာ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းကို သုံးပွဲ - နှစ်ပွဲ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းက စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန အသင်းကို သုံးပွဲပြတ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်၊ ကာကွယ်ရေးဝန်ကြီးဌာနအသင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်၊ ပြည်ထဲရေးဝန်ကြီး ဌာနအသင်းက နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနအသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန အသင်းကို သုံးပွဲ - နှစ်ပွဲဖြင့် အနိုင်ရရှိခဲ့ကြသည်။

အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာနအသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ကြသည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ယနေ့အချိန်ထိ အဆင့်လိုက်ရပ်တည်မှုအနေဖြင့် ဝန်ကြီးဌာနအဆင့် အားကစားပြိုင်ပွဲများတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက ရွှေ ခုနစ်ခု၊ ငွေ ငါးခု၊ ကြေးနှစ်ခုဖြင့် အဆင့် (၁) နေရာတွင်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနက ရွှေခြောက်ခု၊ ငွေခုနစ်ခု၊ ကြေးခြောက်ခုဖြင့် အဆင့် (၂) နေရာတွင်လည်းကောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနက ရွှေခြောက်ခု၊ ငွေနှစ်ခု၊ ကြေးငါးခုဖြင့် အဆင့် (၃) နေရာတွင်လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးက ရွှေ ၅၄ ခု၊ ငွေ ၂၅ ခု ၊ ကြေး ၂၃ ခုဖြင့် အဆင့်(၁) နေရာတွင်လည်းကောင်း၊ ရှမ်းပြည်နယ်က ရွှေအခု ၂၀၊ ငွေ ၂၄ ခု၊ ကြေးအခု ၃၀ ဖြင့် အဆင့် (၂) နေရာတွင်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးက ရွှေ ၁၇ ခု၊ ငွေ ၁၁ ခု၊ ကြေး ၁၅ ခုဖြင့် အဆင့် (၃) နေရာတွင် လည်းကောင်း ရပ်တည်လျက်ရှိသည်။

ယနေ့ကျင်းပသည့် အားကစားပြိုင်ပွဲများသို့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားနည်းအလိုက် အဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့် အားကစား ဝါသနာရှင်ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

သတင်းစဉ်