Skip to main content

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့်ဝန်ထမ်းများအတွက် ဂုဏ်ပြုညစာစားပွဲ ကျင်းပ

နေပြည်တော် ဒီဇင်ဘာ ၁၄

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီတက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ယခုပြပွဲသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် နဝမအကြိမ်မြောက် ကျင်းပသည့် ပြပွဲဖြစ်ပြီး ပုလဲအတွဲပေါင်း ၂၀၈ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၆၂ တွဲ၊ အုပ်စု (အေ) ကျောက်စိမ်းအတွဲ ပေါင်း ၃၃၃ တွဲ၊ အုပ်စု (ဘီ) ကျောက်စိမ်းအတွဲပေါင်း ၁၄၉၀ နှင့် အုပ်စု (စီ) ကျောက်စိမ်းအတွဲပေါင်း ၂၁၄၃ တွဲ စုစုပေါင်း ကျောက်စိမ်းအတွဲ ၃၉၆၆ တွဲကို အောင်မြင်စွာ ရောင်းချနိုင်ခဲ့ကြောင်း၊ တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအနေဖြင့် ပြပွဲအကြိုကာလ၊ ပြပွဲကျင်းပစဉ်ကာလနှင့် ပြပွဲကျင်းပပြီး ကာလများအတွင်း ဆောင်ရွက်ရမည့်လုပ်ငန်းများကို စီမံချက်ပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အောင်မြင်စွာကျင်းပ နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုပြပွဲတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို အားပေးမြှင့်တင်ရန်ရည်ရွယ်၍ ကျောက်စိမ်းအတွဲများကိုလည်း သတ်မှတ်ရောင်းချခဲ့ပါကြောင်း၊ ပြပွဲတွင် တက်ကြွစွာ တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းများနှင့် တာဝန်ရှိသူများကို အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများနှင့် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများအတွက် ဂုဏ်ပြုဆုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ရာ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးသက်ခိုင်နှင့် မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ လက်ထောက်အထွေထွေမန်နေဂျာ ဒေါ်မြမြဝင်းက ဝန်ထမ်းများကိုယ်စားလက်ခံရယူပြီး အထွေထွေမန်နေဂျာ ဦးသက်ခိုင်က ဂုဏ်ပြုဆုချီးမြှင့်ခံရသူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားသည်။

အခမ်းအနားသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အရာထမ်း/ အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်