Skip to main content

ချီးမြှောက်ပူဇော်ဓမ္မစာဆိုတော် နတ်တော်လပြည့်အခါတော်

မြန်မာတို့၏ ဆယ့်နှစ်လရာသီ လစဉ်လတိုင်း၏ လပြည့်နေ့အခါသမယတွင် ထူးမြတ်သည့် ဗုဒ္ဓဓမ္မနှင့် ယဉ်ကျေးမှုထုံးတမ်းစဉ်လာအရ နေ့ထူးနေ့မြတ်တစ်မျိုးစီရှိကြသည်။ မြန်မာနှစ်သစ်ကူးသင်္ကြန်ပွဲတော်ကျင်းပသည့် တန်ခူးလပြည့်နေ့၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့)၊ နယုန်လပြည့် (မဟာသမယနေ့)၊ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)၊ ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)၊ တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့)၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၊ တန်ဆောင် မုန်းလပြည့်( သာမညဖလအခါတော်နေ့)၊ တပို့တွဲလပြည့် (ဩဝါဒပါတိမောက်နေ့)၊ တပေါင်းလပြည့် (မြတ်ဗုဒ္ဓပြည်တော်ဝင်နေ့) ဟူ၍ အသီးသီးအထင်အရှားရှိသည်။

ဤတွင် နတ်တော်လပြည့်နေ့နှင့် ပြာသိုလပြည့်နေ့တို့၏ ထူးကဲသည့်အခါတော်နေ့များမှာမူ တိမ်မြုပ်နေသလို တွေ့ရသည်။ အစဉ်အလာအားဖြင့်ဆိုလျှင် နတ်တော်လပြည့်နေ့တွင် ဓမ္မစာဆိုတော်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြပြီး ပြာသိုလပြည့်နေ့တွင် (ရဟန္တာ) ရှင်တစ်ထောင်အခါတော်နေ့ဟူ၍ သတ်မှတ်ထားသည်ဟု သိရသည်။ မြန်မာတို့သည် ဘာသာတရားနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာများကို တန်ဖိုးထားသောလူမျိုးဖြစ်သည်။ မြန်မာတို့၏ ဆယ့်နှစ်လရာသီ ကာလတစ်လျှောက်တွင် ဘာသာတရားအရလည်းကောင်း၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာအရလည်းကောင်း နေ့ထူးနေ့မြတ်အခါတော်နေ့များနှင့် အထိမ်းအမှတ်ပွဲလမ်းသဘင်များ ကျင်းပလေ့ရှိပါသည်။

မြန်မာလူမျိုးတို့၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာစင်ကြယ်ကြံ့ခိုင်ပြီး အဆင့်အတန်းမြင့်မြင့် ပွဲလယ်တင့်စေရေး၊ လောကီ၊ လောကုတ္တရာနှစ်ဖြာ ကောင်းကျိုးဖြစ်ထွန်းစေရေးတို့တွင် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာများကို တန်ဖိုးထားခြင်းသည် အထောက်အပံ့ကောင်းတစ်ခုဟုဆိုချင်သည်။ ရုပ်ပိုင်း၊ စိတ်ပိုင်းတို့ကို ကောင်းကျိုးဖြစ်ထွန်းစေရန် ညွှန်ပြပေးသည့် ဘဝလမ်းပြဘာသာရေးအခြေခံ အစဉ်အလာများသည် မြန်မာတို့၏ နှလုံးသားထဲတွင် စီးဝင်စေပါသည်။ နှလုံးသားနူးညံ့သိမ်မွေ့ပြီး ချမ်းမြေ့ပျော်ရွှင်စေပါသည်။ အစဉ်အလာယဉ်ကျေးမှုများ တိမ်ကောသွားပါက စိတ်နှလုံးသားများ ခက်ထန်လာပါမည်။ ဘဝလမ်းပြဓမ္မရေစီးကြောင်း အခါတော်နေ့များ တိမ်ကောသွားခြင်းမရှိအောင် ဗုဒ္ဓဘာသာဝင် မြန်မာပြည်သူအပေါင်းတို့က ထိန်းသိမ်းပေးရန်တာဝန်ရှိပါသည်။

နတ်တော်လသည် စာဆိုတော်လ။ နတ်တော်လဆန်း ၁ ရက်နေ့သည် စာဆိုတော်နေ့ဖြစ်ပါသည်။ စာဆိုတော်ကြီးများကို ဤနေ့ဤလတွင် ဂုဏ်ပြုချီးကျူးပူဇော်ခဲ့ကြ ပြီးဖြစ်ပါသည်။ မြန်မာစာပေဖွံ့ဖြိုးတိုးတက်လာအောင် စာပေဘဏ္ဍာတိုက်၊ စာပေအသိုက်အမြုံ၊ စာပေရေစီးကြောင်းကို စတင်ထူထောင်ဖောက်လုပ်ပေးခဲ့သည့် ပုဂ္ဂိုလ်များမှာ ပုဂံခေတ်တွင် စတင်ပေါ်ထွန်းခဲ့သည့် ဓမ္မစာဆိုတော်များဖြစ်ပါသည်။ မျက်မှောက်ကာလထိတိုင် ပေါ်ထွန်းနေသည့် မြန်မာစာပေနှင့် မြန်မာစာဆိုတော်များ၏ ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်မြတ်များဟု ခေါ်ဆိုထိုက်ပါသည်။ ရှေးဓမ္မစာဆိုတော် ရဟန်းပညာရှိ၊ လူပညာရှိတို့၏ သီကျူးရေးဖွဲ့မှုများကိုအခြေခံသည့် ကျေးဇူးတရားများကြောင့် မျက်မှောက်ကာလ၌ စာပေယဉ်ကျေးမှုအနုသုခုမအဖြာဖြာတို့ ထွန်းကားနေခြင်းဖြစ်ပါသည်။

ရှေးခေတ်ကာလများမှ ယနေ့ခေတ်ကာလအဆက်ဆက်တိုင် ပေါ်ထွန်းနေသော စာပေများကို ဆန်းစစ်ကြည့်လျှင် ဓမ္မစာဆိုတော်များ၏ အမျိုးဘာသာသာသနာအတွက် တာဝန်ကျေခဲ့သည်ကို တွေ့နိုင်ပါသည်။ ကျေးဇူးသိတတ်သူတိုင်း ဓမ္မစာဆိုတော်ကြီးများကို ကျေးဇူးဆပ်ကြရမည်ဖြစ်သည်။ မြတ်ဗုဒ္ဓတရားတော်များနှင့် ပြည်သူများ၏နှလုံးသားထဲမှ ပွင့်အန်ထွက်လာနိုင်သည့်ဓမ္မရသများကို ဖြန့်ဝေပေးနိုင်ခဲ့သည်။ ဓမ္မစာပေ၏တန်ဖိုးကို စာဆိုအကျော် စတုရင်္ဂဗလအမတ်ကြီးက “နိကာယ် လုံးစုံ၊ ကျမ်းသုံးပုံဝယ်၊ အာရုံညွှတ်ညွှတ်၊ ပရမတ်ကို၊ အထွတ်ဘုန်းခိုင်၊ သိမြင်နိုင်က၊ ကျော်လှိုင်ပေါက်ပြ၊ ကြားလကလျှင်၊ ဘဝသုံးမည်၊ လူနတ်ပြည်၌၊ မည်သည့်ကုသိုလ်၊ နှိုင်းဆိုမတန်၊ နိဗ္ဗာန်လက်လှမ်း၊ နန်းပွင့်ငြမ်းသည်၊ ရွှင်လန်းဝမ်းမြောက်တော် မူစေသော်” ဟုရေးဖွဲ့ခဲ့သည်။ ဓမ္မစာပေကို သိမြင်လိုက်နာကျင့်သုံးပါက စာပေအဆင်တန်ဆာ သုတရသများ ပြည့်ဝကုံလုံစေသည်ထက်ကျော်လွန်ပြီး မဂ်ဉာဏ်၊ဖိုလ်ဉာဏ် နိဗ္ဗာန်သို့ပင်ရောက်နိုင်ကြောင်း ညွှန်ပြထားသည်။

ထို့ကြောင့် ကျေးဇူးတရားကြီးမားလှသော ဓမ္မစာဆိုတော်များကို အလေးအမြတ် ဂုဏ်ပြုနိုင်ရန်အတွက် နတ်တော်လပြည့်နေ့ကို “ဓမ္မစာဆိုတော်နေ့” ဟု ထိုက်တန်စွာ အသိအမှတ်ပြုသင့်ပါသည်။ အမှန်တကယ်တွင် နတ်တော်လ၏ နတ်တော်လပြည့်နေ့အတွက် လိုအပ်နေသောအခါတော်နေ့ကို မြန်မာသက္ကရာဇ် ၁၃၄၅ ခုနှစ် လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်က ကျင်းပလာခဲ့သော်လည်း မျက်မှောက်ကာလတွင် တဖြည်းဖြည်း တိမ်မြုပ်နေသည်ကိုတွေ့ရပါသည်။ သို့ဖြစ်ရာ ဓမ္မစာဆိုတော်များသည် ဆရာအရှင် ဗုဒ္ဓနည်းကိုမှီ၍ လောကီ၊ လောကုတ္တရာ နှစ်ဖြာအကျိုးများမည့် ဓမ္မအသိဉာဏ်ပွင့်လင်းအောင် သီကုံးရေးသားနိုင်သူများဖြစ်၍ ဓမ္မစာဆိုတော်များကို အလေးအမြတ်ပြုသောအားဖြင့် “နတ်တော်လပြည့် (ဓမ္မစာဆိုတော်နေ့)” ဟူ၍ အမွှမ်းတင်ဂုဏ်ပြုကြရမည်ဖြစ်ပါကြောင်း။ ။