အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုက ပြည်သူလူထုအပေါ်ရိုက်ခတ်မှုကြီးမားသည်။ အထူးသဖြင့် ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်၊ သားငါး၊ ဟင်းသီးဟင်းရွက် စသည့်အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြင့်တက်လာမှုက ဝင်ငွေနည်းပြည်သူများ၊ လခစားဝန်ထမ်းများ၊ အခြေခံလူတန်းစားများအပေါ်တွင် ကြီးမားသည့်သက်ရောက်မှုများကို ဖြစ်ပေါ်စေသည်။ ကုန်ဈေးနှုန်းများကြီးမြင့်လာရခြင်း၏ အခြေခံအကြောင်းရင်းများတွင် ကျပ်ငွေတန်ဖိုးကျဆင်းမှု၊ ငွေကြေးဈေးကွက်မတည်ငြိမ်မှု၊ စက်သုံးဆီဈေးနှုန်းများမြင့်တက်မှုတို့အပါအဝင် အခြားအကြောင်း အရာများလည်းရှိနေသည်။ နောက်ထပ်အကြောင်းများတွင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကာလအပြီး ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင်လည်း ကုန်ဈေးနှုန်းကြီးမြင့်မှုဖြစ်ပေါ်နေခြင်းပင်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ မိမိတို့ပြည်တွင်း၌ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အထူးသဖြင့် အခြေခံစားသုံးကုန်ဈေးနှုန်းကြီးမြင့်မှုက မိမိတို့ပြည်သူများ၏ နိစ္စဓူဝလူမှုဘဝများကို ထိခိုက်စေသည့်အတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် အခြေအနေတစ်ရပ်သို့ ရောက်ရှိလာစေရန် ဖြေရှင်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ အခြေခံစားသုံးကုန်များဟုဆိုရာတွင် ပြည်ပမှတင်သွင်းရသည့် စားအုန်းဆီမှလွဲ၍ ဆန်အပါအဝင် ဆီထွက်သီးနှံ၊ မီးဖိုချောင်သုံးသီးနှံ၊ ဟင်းသီးဟင်းရွက်၊ သားငါးစသည်တို့မှာ မိမိတို့ပြည်တွင်း၌ စိုက်ပျိုးမွေးမြူထုတ်လုပ်ခြင်းဖြစ်ပြီး လိုအပ်သည့် သွင်းအားစုအချို့ကို ပြည်ပမှဝယ်ယူတင်သွင်းနေခြင်းဖြစ်သည်။ လက်ရှိပြည်တွင်း မတည်ငြိမ်မှုကြောင့် ဒေသအချို့လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့မှုမရှိသည့်အခြေအနေဖြစ်ပေါ်နေခြင်း၊ ပြီးခဲ့သည့် စိုက်ပျိုးရာသီအတွင်း ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံများပျက်စီးခြင်းနှင့် လယ်ယာမြေအချို့ ပျက်စီးမှုဖြစ်ပေါ်ခြင်း၊ မွေးမြူရေးတိရစ္ဆာန်များ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ခြင်းတို့က လက်ရှိကုန်ဈေးနှုန်းမြင့်တက်မှုကို ပို၍တွန်းအားပေးခဲ့သည်။
ပြည်တွင်း၌ ကုန်ဈေးနှုန်းများ ဖြစ်သင့်ဖြစ်ထိုက်သည့် အတိုင်းအတာတွင်သာ ဖြစ်ပေါ်ရေးနှင့် ကုန်ဈေးနှုန်းများတည်ငြိမ်ရေးအတွက် နိုင်ငံတော်အစိုးရက ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီကို ယမန်နှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကော်မတီအစည်းအဝေးများကို ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ဆွေးနွေးချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များကို ကော်မတီဝင်များအားလုံးပူးပေါင်း၍ ဆက်လက်ဆောင်ရွက်ကြခြင်းဖြစ်သည်။ အဆိုပါ ကော်မတီသည် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ စားသုံးဆီ၊ သားငါး၊ ဥနှင့် မီးဖိုချောင်သုံးကုန်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်ရေး၊ ပြည်တွင်းလိုအပ်ချက်နှင့် ထုတ်လုပ်မှုပမာဏညီညွတ်မျှတရေး၊ ကုန်စည်စီးဆင်းမှု အဝင်အထွက်မှန်ကန်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုပျက်ပြားစေမည့်ကိစ္စရပ်များအား ဥပဒေနှင့်အညီ ကြီးကြပ်ရေးလုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။
ဒီဇင်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ကုန်ဈေးနှုန်းကြီးမြင့်မှုများအပေါ် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် စနစ်တကျစိစစ်ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ကုန်ဈေးနှုန်းများဖြစ်စေရေး စေတနာထား၍ အပင်ပန်းခံဆောင်ရွက်ကြစေလိုကြောင်း” မှာကြားခဲ့ပြီး ကုန်ထုတ်လုပ်မှုကို မဖြစ်မနေတိုးမြှင့်ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။ လက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခြေခံစားသောက်ကုန်ဈေးနှုန်းများကြီးမြင့်နေမှုမှာ ပြည်တွင်းလိုအပ်ချက်နှင့် ထုတ်လုပ်မှုပမာဏ ညီညွတ်မျှတမှုမရှိခြင်းကြောင့်ဖြစ်သည်။
ထုတ်လုပ်မှုများ ပုံမှန်အခြေအနေမှ လျော့ကျခဲ့ရခြင်းမှာ ပြည်တွင်းအခြေအနေနှင့် သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်သကဲ့သို့ ပြည်ပမှနိုင်ငံခြားငွေဖြင့် မဖြစ်မနေတင်သွင်းကြရသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေး သွင်းအားစုများကြောင့်လည်းဖြစ်သည်။ အနာသိလျှင်ဆေးရှိရစမြဲဖြစ်ရာ မှန်ကန်သည့်ကုထုံးဖြင့် ကုသပေးသွားခြင်းဖြင့် ရောဂါဝေဒနာကင်းစင်ကြရသည်သာဖြစ်သည်။ သို့ဖြစ်ရာ အများပြည်သူတို့ မှီခိုအားထား စားသုံးနေကြရသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ တည်ငြိမ်ကျဆင်းရေးအတွက် စိုက်ပျိုးမွေးမြူထုတ်လုပ်မှုများ၊ မဖြစ်မနေမြှင့်တင်ကြရန်နှင့် ပြည်သူကိုထောက်ထား၍ သမ္မာအာဇီဝ ညီညွတ်မျှတစွာ ကူးသန်းရောင်းဝယ်ကြရပါမည့်အကြောင်း။ ။