Skip to main content

အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာန(ASI)အဖွဲ့က ပြုပြင်ထိန်းသိမ်းပြီးစီးခဲ့သည့် ရှေးဟောင်းအဆောက်အအုံ၊ ဘုရား၊ စေတီ ၁၁ ဆူ၏ (လုပ်ငန်း ၂၂ )ခု လုပ်ငန်းပြီးစီး၍ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ညောင်ဦး ဒီဇင်ဘာ ၁၃

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့နံနက်ပိုင်းတွင် ပုဂံညောင်ဦးမြို့ ရွှေစည်းခုံစေတီတော်ဂေါပကရုံး၌ ကျင်းပသည့် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်ကြီးပြုပြင် ထိန်းသိမ်းရေးဆောင်ရွက်ရာတွင် ဘက်စုံလွှမ်းခြုံသောအစီအစဉ် (Master Plan)ရေးဆွဲနိုင်ရေး စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များ ထပ်မံဖြည့်စွက်ပြီး Master Plan ကို သတ်မှတ်ကာလအတွင်း ရေးဆွဲပြီးစီးနိုင်ရေးအတွက် မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဆက်စပ်ဌာနဆိုင်ရာများက ရွှေစည်းခုံစေတီတော်မြတ်ကြီးအတွက် Master Plan ကို အကောင်းဆုံးဖြစ်အောင် ကူညီရေးဆွဲပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့် မြန်မာနိုင်ငံဗိသုကာကောင်စီဥက္ကဋ္ဌတို့က Master Plan ရေးဆွဲရေးနှင့်ပတ်သက်၍ အချက်အလက်များ ကောက်ယူပြီးစီးမှုနှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ကဏ္ဍအလိုက် ဖွဲ့စည်းထားသည့် အဖွဲ့(၁)၊ အဖွဲ့ (၂)၊ အဖွဲ့(၃)၊ အဖွဲ့(၄)တို့က လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများတင်ပြကြပြီး အစည်းအဝေးတက်ရောက်လာကြသူများက ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးကြကာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရွာဟောင်းကြီးဘုရား၌ ကျင်းပသည့် မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံ နှစ်နိုင်ငံချစ်ကြည်ရေး နားလည်မှုသဝဏ်လွှာ MoU အရ အိန္ဒိယနိုင်ငံရှေးဟောင်းသုတေသနဌာန (ASI) အဖွဲ့က ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ပုဂံဒေသရှိ ငလျင်ဒဏ်သင့် ရှေးဟောင်းအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးအစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည့် စီမံကိန်းပထမအဆင့် ရှေးဟောင်းအဆောက်အအုံ၊ ဘုရား၊ စေတီ ၁၁ ဆူ၏ (လုပ်ငန်း ၂၂)ခု လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ အိန္ဒိယနိုင်ငံ သံအမတ်ကြီးနှင့် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်တို့က အမှာစကားပြောကြားပြီး လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုမှတ်တမ်းကျောက်စာကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကာ ရှေးဟောင်းအဆောက်အအုံ၊ ဘုရား၊ စေတီ ၁၁ ဆူတို့၏ အဆောက်အအုံပိုင်းဆိုင်ရာနှင့် နံရံဆေးရေးပန်းချီ၊ အင်္ဂတေပန်း စသည့် အနုလက်ရာပိုင်းဆိုင်ရာများ ပြုပြင်ထိန်းသိမ်းမှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးနှင့် ဧည့်သည်တော်များသည် အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာနမှ ပြုပြင်ထိန်းသိမ်းပြီးစီးခဲ့သည့် နတ်လျောင်ကျောင်းနှင့် သိကြားပုန်းဘုရားများသို့ သွားရောက်လေ့လာကြည့်ရှုရာ အိန္ဒိယပညာရှင်များက အသေးစိတ်ရှင်းလင်းတင်ပြကြသည်။

အိန္ဒိယနိုင်ငံအစိုးရ၏ အကူအညီဖြင့် ပုဂံဒေသရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ရှေးဟောင်းအဆောက်အအုံ၊ ဘုရား၊ စေတီ ၇၂ ဆူ (လုပ်ငန်းအားဖြင့် ၈၉) ခု ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုဆိုင်ရာ နားလည်မှုသဝဏ်လွှာ (MoU) ကို ၂၀၁၈ ခုနှစ် မေ ၁၁ ရက်က နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါရှေးဟောင်းအဆောက်အအုံ၊ ဘုရား၊ စေတီ ၇၂ ဆူကို Phase-1, Phase-2, Phase-3 သုံးပိုင်းခွဲ၍ ၁၀ နှစ်စီမံကိန်းဖြင့် အဆောက်အအုံပိုင်းနှင့် အနုလက်ရာပိုင်းထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှ စတင်၍ Phase-1 အဖြစ် ရှေးဟောင်းအဆောက်အအုံ၊ ဘုရား၊ စေတီ စုစုပေါင်း ၁၂ ဆူ၏ အဆောက်အအုံပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းနှင့် နံရံပန်းချီနှင့် အင်္ဂတေပန်းကြံ့ခိုင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို အိန္ဒိယသမ္မတနိုင်ငံအစိုးရ အကူအညီဖြင့် အိန္ဒိယနိုင်ငံရှေးဟောင်းသုတေသနဌာနမှ ဆောင်ရွက်လျက်ရှိပြီး အဆိုပါရှေးဟောင်းအဆောက်အအုံ စုစုပေါင်း ၁၂ ဆူအနက် ရှေးဟောင်းအဆောက် အအုံ၊ ဘုရား၊ စေတီ ၁၁ ဆူ၏ (လုပ်ငန်း ၂၂)ခုကို ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် လုပ်ငန်းပြီးစီးမှုကို လွှဲပြောင်းပေးအပ်ခြင်းဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပုဂံမြို့ Aureum Palace Hotel တွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။  

သတင်းစဉ်