မြတ်နိုးဖွယ်ရာ၊ တန်ဖိုးထားဖွယ်ရာ၊ ဂုဏ်ယူဖွယ်ရာကောင်းသည့် မြန်မာနိုင်ငံ၏အခြေအနေကို နိုင်ငံလွတ်လပ်ရေးနှင့်အတူ အတည်ပြုသတ်မှတ်ထားသည့် ယနေ့ထက်တိုင် အဓိဋ္ဌာန်ပြုလျက်ရှိသော နိုင်ငံတော်သီချင်းတွင် အထင်အရှားတွေ့မြင်နိုင်ပါသည်။ မြန်မာနိုင်ငံသည် မည်သည့်ဝါဒဘက်ကိုမျှ ယိမ်းယိုင်ခြင်းမရှိဘဲ မြန်မာတို့၏မြတ်နိုးဖွယ်ရာ လူမှုဘဝထုံးတမ်းစဉ်လာများနှင့်အညီ အေးချမ်းတည်ငြိမ်စွာ၊ လွတ်လပ်ပွင့်လင်းစွာ အစဉ်ရှင်သန်ဖြစ်ထွန်းလာခဲ့သော နိုင်ငံဖြစ်ပါသည်။
“တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ၊ တို့ပြည်၊ တို့မြေ၊ များလူခပ်သိမ်းငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ၊ ဝါဒဖြူစင်တဲ့ ပြည်၊ တို့ပြည်၊ တို့မြေ၊ ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ၊ အဓိဋ္ဌာန်ပြုပေ၊ ထိန်းသိမ်းစို့လေ။” ဟူသည့် သီချင်းစာသားကိုကြည့်မည်ဆိုလျှင် တရားမျှတပြီး လွတ်လပ်သည့် မြန်မာနိုင်ငံတွင် ပြည်သူအားလုံး ငြိမ်းချမ်းသာယာဝပြောစေမည့် အခွင့်အရေးအညီအမျှပေးထားသည့် ဖြူစင်သည့်မူဝါဒရှိပြီးဖြစ်သည်မှာ ထင်ရှားပါသည်။ ထိုမူဝါဒနှင့်အညီ နေထိုင်လာခဲ့ကြသည်မှာလည်း နှစ်ပေါင်းရှည်ကြာလာခဲ့ပြီဖြစ်သည်။ သို့သော် မျက်မှောက်ကာလ၌ ဤသို့ဝါဒဖြူစင်သည့်နိုင်ငံကို ညစ်နွမ်းအောင် အရောင်ဆိုးမှုများရှိနေသည်ကို သတိပြုရမည်ဖြစ်သည်။
မူလက ငြိမ်းချမ်းသာယာဝပြောသော နိုင်ငံဖြစ်သော်လည်း အရောင်ဆိုးခံရမှုများကြောင့် စိတ်ဝမ်းကွဲပြားပြီး မငြိမ်းချမ်းသောအဖြစ်များနှင့် ကြုံတွေ့နေရသည်မှာ ဝမ်းနည်းဖွယ်ဖြစ်သည်။ တိုင်းပြည်သာယာဝပြောရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးနေသလို ပြည်သူတစ်ရပ်လုံးကလည်း မူလကသန္နိဋ္ဌာန်ပြုထားသည့်အတိုင်း ဝါဒဖြူစင်သည့်နိုင်ငံ၊ ငြိမ်းချမ်းသာယာဝပြောသည့် တိုင်းပြည်ဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ကြဖို့လိုပါသည်။ နိုင်ငံတော်အနေဖြင့် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများ၏ အခွင့်အရေးများ တန်းတူညီမျှရရှိရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိရာ နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သည့် ငြိမ်းချမ်းရေးရရှိအောင် အစွမ်းကုန်ကြိုးပမ်းနေပါသည်။
အလားတူ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံတော်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။ ပြည်သူအားလုံးလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို မလွဲမသွေ လျှောက်လှမ်းရမည်ဖြစ်သည့်အတွက် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေအောင်မြင်စွာ ကျင်းပပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်က အတိအလင်းအသိပေးထားပြီးဖြစ်သည်။
ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်မည့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ပိုမိုတိုးတက် ကောင်းမွန်အောင် ဆောင်ရွက်သွားနိုင်ရေးတို့ကို နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မျက်မှောက်ကာလတွင် ပြည်ပမှသွေးထိုးလှုံ့ဆော် မြှောက်ပင့်ကူညီမှုနှင့် ပြည်တွင်း၌ ဖျက်ဆီးနှောင့်ယှက်သူများကြောင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ထိခိုက်ပျက်ပြားမှုများရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လုပ်ဆောင်နေခြင်းသည် တိုင်းရင်းသားပြည်သူများရရှိမည့် လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများ ပျက်ပြားအောင်၊ ပျက်စီးအောင် ဖျက်ဆီးနေခြင်းပင်ဖြစ်သည်။ တိုင်းရင်းသားပြည်သူများရရှိမည့် လူ့အခွင့်အရေးများကို လက်နက်ကိုင်အကြမ်းဖက်သည့်နည်းလမ်းများဖြင့် အနိုင်ကျင့်ချိုးဖောက်နေခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အတွက် ကုလသမဂ္ဂ၏ဆောင်ပုဒ်မှာ “တို့အခွင့်အရေး၊ တို့အနာဂတ်၊ ယခုကစလို့ ဆောင်ကြဉ်းအပ်” ဟူ၍ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဆောင်ပုဒ်ပါအတိုင်း မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူအားလုံး၏ အခွင့်အရေး၊ တိုင်းရင်းသားပြည်သူအားလုံး၏ အနာဂတ်များ ကောင်းမွန်စွာဖြစ်ပေါ်လာရေးအတွက် လူ့အခွင့်အရေးစံနှုန်းများကို လေးစားလိုက်နာခြင်းဖြင့် ပိုမိုကောင်းမွန်သည့်အနာဂတ်ကို ယနေ့မှစ၍ ဖန်တီးတည်ဆောက်ကြရမည်ဖြစ်သည်။ ယနေ့ကမ္ဘာကြီးတွင် မငြိမ်သက်မှုနှင့် ပဋိပက္ခများအပါအဝင် အခက်အခဲပေါင်းများစွာ ရင်ဆိုင်နေရသည်။ အခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက် လူအချင်းချင်းတန်ဖိုးထားပြီး တစ်ဦးအပေါ်တစ်ဦး စာနာကြရန်၊ ငြိမ်းချမ်းသာယာဝပြောသော လူ့ဘောင်တည်ဆောက်ကြရန် လိုအပ်ပါသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ အားလုံးတန်းတူညီမျှ အခွင့်အရေးများရရှိရေးနှင့် အေးချမ်းသာယာဝပြောစွာ နေထိုင်နိုင်ရန်အတွက် တစုတစည်းတည်း စည်းလုံးညီညွတ်မှုဖြင့် အခက်အခဲ၊ အနှောင့်အယှက်၊ အဖျက်အဆီးများကို တိုက်ဖျက်ကျော်လွှားကြရမည်ဖြစ်ပါကြောင်း။ ။