အဖိုးတန်သတ္တုဖြစ်သည့်ရွှေသည် ကမ္ဘာ့နိုင်ငံများစွာတို့တွင် သုံးစွဲနေကြသည့် ငွေကြေးများ၏ ကျောထောက်နောက်ခံဖြစ်ပြီး လုံခြုံမှုရှိ၍ ယုံကြည်စိတ်ချရသော ပိုင်ဆိုင်မှုလည်းဖြစ်သည်။ အကြောင်းတရားအမျိုးမျိုးကြောင့် ရွှေဈေးနှုန်းအတက်အကျ ဖြစ်ပေါ်သည့်တိုင်အောင် ကာလရှည်တွင်မူ ရွှေဈေးနှုန်းသည် ဖြည်းဖြည်းမှန်မှန် တိုးတက်မြဲပင်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများသည် အပြန်အလှန်ဆက်စပ်နေသကဲ့သို့ ကမ္ဘာ့ရွှေဈေးကွက်အပေါ်တွင်လည်း လွှမ်းမိုးမှုရှိသည်။ နိုင်ငံရေး၊ စီးပွားရေးအကျပ်အတည်းကာလများတွင် ရွှေသည်ဆုံးရှုံးမှုကို ကာကွယ်နိုင်ပြီး ခိုင်မာသောပိုင်ဆိုင်မှုအဖြစ်လည်း ရှုမြင်ထားကြသည်။
ယခုနှစ်အစောပိုင်းကာလမှစတင်၍ ကမ္ဘာ့ရွှေဈေးနှုန်းသည် ၂၃ ရာခိုင်နှုန်းထက်မနည်း မြင့်တက်ခဲ့ကာ နှစ်လယ်ကာလမတိုင်မီမှာပင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၄၅၀ အထိ ရောက်ရှိသွားခဲ့ရာ မကြုံစဖူးအမြင့်ဆုံးဈေးနှုန်းဟု ဆိုကြသည်။ ရုရှားနှင့် ယူကရိန်း၊ အစ္စရေးနှင့်ဟားမားစ်တို့၏ ပဋိပက္ခများအပါအဝင် မြင့်တက်လာသည့် တင်းမာမှုများက ရင်းနှီးမြှုပ်နှံသူများကို အရင်းမပျောက် ခိုင်မာသောရင်းနှီးမြှုပ်နှံမှုဖြစ်သည့် ရွှေဘက်ဆီသို့ ဦးလှည့်သွားစေခဲ့သည်ဟု စီးပွားရေးသုတေသီတို့က ဆိုကြသည်။ ထို့အပြင် BRICS နိုင်ငံများအပါအဝင် နိုင်ငံများစွာတို့က အမေရိကန်ဒေါ်လာ၏ ကမ္ဘာတစ်ဝန်းလွှမ်းမိုးမှုကို လျှော့ချပြီး ၎င်းတို့၏ အရန်ငွေကြေးပိုင်ဆိုင်မှုများတွင် ဒေါ်လာအစား ပြည်တွင်းသုံးငွေနှင့် ရွှေကိုအစားထိုးလာကြခြင်းကလည်း ကမ္ဘာ့ရွှေဈေးနှုန်းကို မြင့်မားစေသည်ဟုဆိုသည်။ လာမည့် ၂၀၂၅ ခုနှစ်တွင်လည်း ကမ္ဘာ့ရွှေဈေးသည် ဆက်လက်မြင့်တက်သွားမည်ဟု ခန့်မှန်းထားကြသည်။
မြန်မာနိုင်ငံ၏ ရွှေဈေးအတက်အကျမှာ ကမ္ဘာ့ရွှေဈေးအတက်အကျ၊ နိုင်ငံခြားငွေလဲလှယ်နှုန်း၊ ပြည်တွင်းပြည်ပနိုင်ငံရေး၊ စီးပွားရေးအခြေအနေများပေါ်မူတည်၍ ရွှေရောင်းလိုအားနှင့်ဝယ်လိုအား၊ ပြည်တွင်းရွှေတူးဖော်ထုတ်လုပ်မှု စသည်တို့အပေါ်တွင် ယေဘုယျအားဖြင့် မူတည်လျက်ရှိသကဲ့သို့ ရွှေဈေးကွက်အတွင်း လက်မည်းကြီးများဟု ဆိုကြသည့် တရားမဝင်အုပ်စုများက ဝင်ရောက်ဈေး ကစားမှုများကြောင့် ပုံမှန်မဟုတ်သော၊ ကျိုးကြောင်းဆီလျော်မှုမရှိသော ရွှေဈေးနှုန်းများဖြစ်ပေါ်လာစေကြောင်း ကျွမ်းကျင်သူများက ပြောကြားကြသည်။ မိမိတို့နိုင်ငံတွင် ပြည်ပသို့ပို့ကုန်ပိုမိုတိုးမြှင့်နိုင်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုတိုးတက်စေရန် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ ကုန်ချောထုတ်လုပ်ရေးလုပ်ငန်းများ၊ MSME လုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြရန် နိုင်ငံတော်အစိုးရက တိုက်တွန်းအားပေးလျက်ရှိသည်။
သို့ရာတွင် ရင်းနှီးမြှုပ်နှံသူများက ထုတ်လုပ်မှုထက် ကုန်သွယ်မှုကိုသာ ပိုမိုပြုလုပ်လိုကြသည်ကိုတွေ့ရပြီး တရားမဝင်ကုန်သွယ်မှုပမာဏ ကြီးမားနေသည်ကိုလည်း တွေ့ရသည်။ ထို့အပြင် ပုံမှန်စီးပွားရေးမဟုတ်သော ကုန်ပစ္စည်းများဝယ်ယူသိုလှောင်၍ ဈေးကစားရောင်းချသည့် “ရိုက်စား” ခေါ် ဝိသမလောဘစီးပွားရေးကို တစ်ယောက်ချင်း၊ နှစ်ယောက်ချင်းမှသည် အုပ်စုဖြင့်ပြုလုပ်ကြကြောင်းကိုလည်း သိရှိရသည်။ ယင်းသို့သော အပြုအမူများကို ပြုလုပ်ခြင်းက ဈေးကွက်ကို ကမောက်ကမဖြစ်စေပြီး ပြည်တွင်းစီးပွားရေးကို မတည်မငြိမ်ဖြစ်စေသည်။ စီးပွားရေးနှင့် ဆက်စပ်လျက်ရှိသည့် နိုင်ငံရေးအပေါ်တွင်လည်း သက်ရောက်မှုဖြစ်ပေါ်စေသည်။
ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန်အတွက် လုပ်ငန်းလိုင်စင်လျှောက်ထားရယူရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို မလိုက်နာပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနက ပြီးခဲ့သည့်အောက်တိုဘာလအတွင်းက အသိပေးကြေညာထားခဲ့သလို ယခုလဆန်းပိုင်းမှစ၍လည်း ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး (Market Rate)ကို နိုင်ငံပိုင်မီဒီယာများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အင်တာနက်စာမျက်နှာနှင့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YEGA) ၏ Facebook စာမျက်နှာတို့တွင် နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိသည်။ သို့ဖြစ်ရာ ရွှေရောင်းဝယ်ခြင်းလုပ်ငန်းသည် လုပ်ငန်းလိုင်စင် လိုအပ်မည်ဖြစ်သကဲ့သို့ ရည်ညွှန်းဈေးဖြင့်သာ ရောင်းဝယ်ခြင်းပြုကြရမည်ဖြစ်ရာ ဥပဒေအမိန့် ညွှန်ကြားချက်များနှင့်အညီ သိက္ခာသမာဓိရှိရှိ ကောင်းရောင်းကောင်းဝယ် ပြုကြခြင်းဖြင့် နိုင်ငံအကျိုး မိမိအကျိုး ဖွံ့ဖြိုးနိုင်ကြပါစေကြောင်း။ ။