ဖနွမ်းပင် ဒီဇင်ဘာ ၉
ကမ္ဘောဒီးယားနိုင်ငံ စာရေးဆရာအသင်း၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) နှင့် အဖွဲ့သည် ဒီဇင်ဘာ ၆ ရက် ညပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့ ရောက်ရှိကြပြီး ဒီဇင်ဘာ ၇ ရက်တွင် Ministry of Culture and Fine Arts ခေတ္တဝန်ကြီး H.E. Hab Touch တက်ရောက်သော ကမ္ဘောဒီးယားနိုင်ငံ ပထမအကြိမ် အမျိုးသားစာဆိုတော်နေ့ (The 1st National Writer’s Day 2024) အခမ်းအနားသို့လည်းကောင်း၊ ဒီဇင်ဘာ ၈ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Hun Mani တက်ရောက်သော မဲခေါင် ခြောက်နိုင်ငံ စာပေယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေးအစည်းအဝေးသို့လည်းကောင်း၊ ယနေ့နံနက်ပိုင်းတွင် ဖနွမ်းပင်မြို့ရှိ Win-Win Memorial အထိမ်းအမှတ်ပြခန်း အစည်းအဝေးခန်းမ၌ ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး General Nem Sovath ဦးဆောင်ပြုလုပ်သော အစည်းအဝေးသို့လည်းကောင်း တက်ရောက် သည်။
ဆွေးနွေးပြောကြား
အဆိုပါ အစည်းအဝေးများတွင် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌက စာပေယဉ်ကျေးမှုဖလှယ်ရေး၊ မဲခေါင်ခြောက်နိုင်ငံပြည်သူများ အပြန်အလှန် ချစ်ကြည်စွာ ဆက်ဆံနိုင်ရေးအတွက် စာပေစွမ်းအားဖြင့် အားထုတ်ကြိုးပမ်း ကြရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
မြန်မာစာရေးဆရာအဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၏ National Museum၊ Kamar Writer Association office နှင့် Royal Palace တို့သို့ သွားရောက်လေ့လာခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် ဆီယမ်ရိမြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြသည်။
သတင်းစဉ်