လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံတော်နှင့် နိုင်ငံသားပြည်သူများ အကျိုးစီးပွားကို ဖော်ဆောင်ရန်အတွက် ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်ဟူသည့် မဏ္ဍိုင်ကြီး (၃) ရပ်ရှိသည်။ အဆိုပါမဏ္ဍိုင်ကြီး (၃)ရပ်သည် ပြည်သူလူထုအကျိုးစီးပွားကို တည့်တည့်မတ်မတ် ရှေးရှုဆောင်ရွက်ပေးရသည်။ ယင်းမဏ္ဍိုင်ကြီး (၃) ရပ် တည့်မတ်မှန်ကန်နေစေရန်အတွက် စတုတ္ထမဏ္ဍိုင်ဟုခေါ်ဆိုသည့် မီဒီယာမဏ္ဍိုင်က စောင့်ကြပ်ကြည့်ရှုပေးရသည်။
နိုင်ငံတော်၏ မဏ္ဍိုင်ကြီး (၃) ရပ် အစဉ်အမြဲတည့်မတ်နေစေရန်အတွက် အရည်အချင်းပြည့်ဝပြီး သမာသမတ်ရှိသည့် မီဒီယာများက စောင့်ကြပ်ကြည့်ရှုထိန်းကျောင်းပေးရမည်ဖြစ်သည်။ စေတနာမှန်ကန်စွာဖြင့် ထောက်ပြခြင်း၊ ဝေဖန်ခြင်း၊ အကြံပြုခြင်းစသည်တို့ကို ဆောင်ရွက်ကြရမည်ဖြစ်သည်။ မူလမဏ္ဍိုင်ကြီး (၃) ရပ် မယိမ်းမယိုင် မတိမ်းစောင်းရအောင် ကျားကန်ထောက်မပေးရမည်။ ထိုသို့ဆောင်ရွက်မှသာ ခြေလေးချောင်းထောက်ညီသည့် စားပွဲတစ်လုံးကဲ့သို့ မယိမ်းမယိုင် တည့်မတ်ခိုင်မြဲနေမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်၏ မဏ္ဍိုင်ကြီး (၃) ရပ်သည် အရေးကြီးသလို စတုတ္ထမဏ္ဍိုင်ကြီးသည်လည်း အရေးပါသဖြင့် အပြန်အလှန် ထိန်းကျောင်းတည့်မတ်ပေးကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို မျှော်မှန်းအကောင်အထည်ဖော်နေသည့်နိုင်ငံဖြစ်သည်။ ဒီမိုကရေစီနိုင်ငံတွင် သတင်းမီဒီယာအခန်းကဏ္ဍသည် အထူးအရေးပါသည်။ ထို့ကြောင့် ဒီမိုကရေစီအစိုးရအဆက်ဆက်တို့က သတင်းမီဒီယာ၏ အခန်းကဏ္ဍကို အထူးအလေးထားဆောင်ရွက်ပေးခဲ့သည်။ ထို့ကြောင့် ပြည်သူများက ရွေးချယ်တင်မြှောက်သည့် ဒီမိုကရေစီအစိုးရ ပထမသက်တမ်းကာလ ၂၀၁၄ ခုနှစ်တွင် စာနယ်ဇင်းလောက ဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်းမီဒီယာဥပဒေကို ပြဋ္ဌာန်းပေးခဲ့သည်။ သတင်းမီဒီယာဥပဒေ၏ ရည်ရွယ်ချက်တွင် “သတင်းမီဒီယာလုပ်ငန်းသည် စတုတ္ထမဏ္ဍိုင်အဖြစ် ပီပြင်စွာ ရပ်တည်နိုင်စေရန်”ဟု အတိအလင်းဖော်ပြထားသည်။
နိုင်ငံတော်အနေဖြင့် သတင်းမီဒီယာကဏ္ဍကို အထူးစိတ်ဝင်စားအလေးထားသကဲ့သို့ မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တတ်နိုင်သည့်ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ သတင်းမီဒီယာလောကအနေဖြင့်လည်း သတင်းမီဒီယာကျင့်ဝတ်များနှင့်အညီ ပြည်သူလူထု၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူပြုစေရန်၊ သတင်းနှင့် မီဒီယာအခန်းကဏ္ဍဆိုင်ရာ နည်းပညာများ ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်စေရန်၊ မြန်မာ့မီဒီယာလောကအနေဖြင့် နိုင်ငံတကာစံနှုန်းများ၊ ကျင့်ဝတ်များနှင့်အညီ ခေတ်မီမီဒီယာနည်းပညာများကို သင်ယူလေ့လာဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာသည် ဒီမိုကရေစီစနစ်နှင့် လိုက်လျောညီထွေစွာ ဖော်ထုတ်ရေးသားရာတွင် အဓိကကျသည့် ပွင့်လင်းမြင်သာစွာ ရေးသားဖော်ထုတ်ရေးသာမက ပြည်သူတစ်ဦးချင်းစီအတွက် သိသင့်သိထိုက်သည့် ဗဟုသုတအချက်အလက်များ ဖြန့်ဝေပေးခြင်းအားဖြင့် အစိုးရ၏ ပွင့်လင်းမြင်သာဆောင်ရွက်မှုများကို တိုးတက်လာအောင် ဆောင်ရွက်ပေးနိုင်သည်။ ထိုသို့ဆောင်ရွက်မှသာ နိုင်ငံတော်နှင့် ပြည်သူက ယုံကြည်လေးစားအားထားရသည့် သတင်းမီဒီယာအဖွဲ့အစည်းများအဖြစ် ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်နှင့် ပြည်သူကို အကျိုးပြုမည့် သတင်းမီဒီယာများဖြစ်လာပေမည်။
သတင်းမီဒီယာသမားများသည် ဖြစ်ပေါ်နေသည့် သတင်းအချက်အလက်များကို အခြေခံပြီး အမှန်တရားကို ထုတ်ဖော်ရမည့်သူများဖြစ်သည်။ စစ်မှန်သည့် သတင်းမီဒီယာသမား၊ တာဝန်သိသည့် သတင်းသမားများကို တိုင်းပြည်၏ ကြီးလေးသောတာဝန်များကို ထမ်းဆောင်နေသည့် “ပြည်ကြီးပခုံး”၊ “ပြည်ကြီးမျက်လုံး” ဟု ဆိုကြသည်။ သို့သော် မျက်မှောက်ကာလ သတင်းမီဒီယာကဏ္ဍတွင် ကျင့်ဝတ်ဖောက်ဖျက်လုပ်ကိုင်နေမှုများကို တွေ့ရသည်။ ပြည်တွင်းပဋိပက္ခများ၊ သဘောထားကွဲပြားမှုများကို ပြေလျော့အောင်၊ ပြေလည်အောင် ဖော်ဆောင်ပေးရမည့်အစား မီးလောင်ရာလေပင့်ပေးသကဲ့သို့ ပဋိပက္ခများ ပိုမိုအားကောင်းလာအောင် ဖန်တီးနေကြသည်ကို တွေ့ရမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် ဘက်လိုက်ရေးသားသည့် သတင်းမီဒီယာများ၊ ကျင့်ဝတ်သိက္ခာမဲ့သည့် သတင်းမီဒီယာများ၊ နိုင်ငံနှင့် လူမျိုးအကျိုးစီးပွားကို မကြည့်ဘဲ တိုင်းတစ်ပါး ကြိုးဆွဲရာအလိုကျရေးသားနေသည့် သတင်းမီဒီယာများက တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်နေကြသည်ကို သတိပြုကြရမည်ဖြစ်သည်။ သတင်းတု၊ သတင်းမှားများ၊ အမုန်းစကားများ၊ ကောလာဟလသတင်းများ ဖြန့်ဝေပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြား လှုံ့ဆော်နေမှုများကို ချေဖျက်ရ မည်ဖြစ်သည်။ သို့ဖြစ်ရာ ပြည်သူများကြားတွင် မှန်ကန်သောအသိအမြင်များ တိုးပွားရေးအတွက် သတင်းမီဒီယာကဏ္ဍကို ထိန်းကျောင်းတည့်မတ်ပြီး ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။